ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိအဆင့်အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးထက် မနည်းရှိကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တပ်ရင်း – ၉ က ယနေ့(ဇွန် ၆ ရက်)တွင် ထုတ်ပြန်သည်။
တိုက်ပွဲ ဖြစ်စဥ်များအရ ယခုလ ၄ရက်ကစ၍ စစ်ကောင်စီတပ်က ဒေါပိုးစီမှ စစ်ကြောင်းနှစ်ကြောင်းနှင့် ဟိုဖိတ်စိုက်ကွင်းဖက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း သုံးကြောင်းဖြင့် ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။
အဆိုပါစစ်ကြောင်းများနှင့် အဆိုပါနေ့ နေ့လည် ၁၂ နာရီခန့်တွင် KNDF တပ်ရင်း – ၉ ရဲဘော်များနှင့် ထိတွေ့ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွားခဲ့သည်။

ထို့နောက် ယမန်နေ့ (ဇွန် ၅ ရက်) နံနက် ၈နာရီခွဲ ခန့်တွင် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် ရမ်းသမ်း ပစ်ခတ်နေကြောင်းသိရပြီးနောက် နံနက် ၁၁နာရီခန့်တွင် (စကစ) များပုန်းခိုနေသည့် နေရာသို့ ပြောက်ကျား တိုက်ခိုက်မှု ပြုလုပ်ခဲ့ ကြောင်း KNDF တပ်ရင်း ၉ က ပြောသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာအရှိအပါအဝင် ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာအမျာအပြားရရှိကြောင်းတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
လက်ရှိ ကရင်နီပြည်နယ်၌ ဒီးမော့ဆိုအပါအဝင် လွိုင်ကော်၊ဖရူဆို၊ဘောလခဲနှင့်ရှမ်းပြည်နယ်နှင့်အစပ် ဖယ်ခုံတို့တွင်စစ်ကောင်စီတပ်က အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေ၍ ကရင်နီတပ် ပေါင်းစုများနှင့် နေ့စဥ်တိုက်ပွဲ ဖြစ်ပွားနေသည်။
