တမူးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ရက်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်မှ သေဆုံးဒဏ်ရာရရှိမှုအများအပြားရှိခဲ့ပြီး PDF တစ်ဦးကျဆုံးခဲ့ကြောင်း PDF(တမူး) တပ်ရင်း-၃ က ယနေ့ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များနှင့် PDF (တမူး)တို့သည် ဇွန် ၇ ရက်နှင့် ၈ ရက်နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးထိုတိုက်ပွဲတွင်စစ်ကောင်စီတပ်က သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ခြင်းဖြစ်သည်ဟု PDF(တမူး) တပ်ရင်း (၃ )ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သို့သော်စစ်ကောင်စီတပ်မှသေဆုံးဒဏ်ရာရသောအရေအတွက်ကိုမူအတည်မပြုနိုင်သေးပေ။

PDF(တမူး) တပ်ရင်း-၃ စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာတွင် ကင်းပုန်းဝတ်နေယူထားချိန်တွင် ခွန်မွန်းနွန်ကျေးရွာမှ အင်အားအလုံးအရင်းဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများဖြင့် ဇွန် ၈ ရက် မနက် ၁၀နာရီတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲသည်အလွန်ပြင်းထန်ပြီးဝိတုန်ကျေးရွာနှင့်ခွန်မွန်းနွန်ကျေးရွာတွင်နေရာယူထားသည့် စစ်ကောင်စီတပ်မှ၄၀ မမ၊ ၆၀ မမ ၊ ၈၀ မမနှင့် RPGများဖြင့် ရန်လင်းဖိုင်ကျေးရွာကို ပစ်ခတ်ခဲ့သည်ဟုထြတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့ပစ်ခတ်ပြီး နန်မွန်းတားနှင့် ခွန်မွန်းနွန်ရွာတွင် နေရာယူထားသည့်စစ်ကောင်စီတပ်များသည်ခြေလျင်စစ်ကြောင်းဖြင့် ရန်လင်းမိုင်ရွာသို့ စစ်ကား၁၀ စီးနှင့်အတူ ချီတက်လာခဲ့သည်။ အဆိုပါစစ်ကြောင်းကို PDF များကြားဖြတ်တိုက်ခိုက်ရာ ရန်လင်းဖိုင်ဘုရားကျောင်းလမ်းအရှေ့နှင့် အာရှအဝေးပြေးလမ်းပေါ်တွင် ရပ်တန့်သွားပြီးအနီးရှိ ဘုရားကျောင်းနှင့် လူနေအိမ်များတွင် ခြေကုတ်ယူပြီး လက်နက်ကြီး/လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ခဲ့သည်။ ထိုခြေကုတ်ဝင်ထားသည့်နေရာများကို PDF(တမူး)က ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့သည်ဟုသိရသည်။ဇွန် ၈ ရက်တိုက်ပွဲသည်နံနက် ၁၀နာရီမှ ညနေ ၆နာရီခွဲအထိ ပြင်းထန်ခဲ့သည်။
ထိုတိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်မှသေဆုံးဒဏ်ရာရသူများခဲ့ပြီး PDF (တမူး) တပ်ရင်း (၃ )မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာသုံးဦးမှာမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟုအသိပေးသည်။
လက်ရှိတွင်လည်းတမူးမြို့တွင် စစ်ရေးတင်းမားလျက်ရှိသည်ဟု ဒေသခံကာကွယ်ရေးတပ်များက သတိပေးထားသည်။

“ယနေ့ တစ်ရက်သာစစ်တပ်ကုန်းအနီး ၊မြေနီကုန်းအနီး၊ လေးမိုင်အနီး ပြည်သူနေအိမ်များရှောင်ရှားပေးကျပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်”ဟု တမူး ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်သားတစ်ဦးက ပြည်သူလူထုကို မေတ္တာရပ်ခံထားသည်။
ထိုအပြင်တမူးမြို့ စစ်ကောင်စီတပ်ဆွဲထားသည့် မြေနီကုန်းမှ စော်ဘွား ၄ ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က ယနေ့ မနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးထပျက်စီးခဲ့သည်ဟုတမူးမြို့ခံများကပြောသည်။
ယမန့်နေ့ကလည်း စစ်ကောင်စီတပ်က ရန်လင်းဖိုင်ကျေးရွာသို့ လက်နက်ကြီးဖြင့် အချက် ၂၀ခန့်ပစ်ခတ်ခဲ့ပြီး နန်မွန်းတားရွာနှင့် ရန်လင်းဖိုင်ရွာရှိ နေအိမ်များမှပြည်သူလူထု၏ ပစ္စည်းများကို စစ်ကောင်စီတပ်က ဝင်ရောက်ခိုးယူခဲ့သည်ဟု ဒေသခံများကပြောသည်။
ယခုအခါ ရန်လင်းဖိုင်ရွာ၊ ပန်းသာရွာ၊စစ်တပ်ကုန်း၊မြေနီကုန်းတို့တွင် စစ်ရေးတင်းမာလျက်ရှိကြောင်းဒေသခံများကပြောသည်။ လက်ရှိ တမူးမြို့တွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က PDF တမူး တပ်ရင်း-၃၊ တပ်ရင်း- ၂ ၊တပ်ရင်း-၄ ၊ BSO ၊ABSDF ၊ပကဖ တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။
