●လက်နက် ၇လက်နှင့်ကျည်များရရှိ၊ စစ်ကူယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုများ
ရေစကြိုမြို့နယ် ဆင်ဖြူရှင်တံတားရှိ စစ်ကောင်စီဂိတ်ကို ယနေ့ နေ့လည်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ဦးသေဆုံးပြီး အရှင် ၁ဦး ဖမ်းဆီးရမိခဲ့ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောသည်။
“ခွေးသုံးကောင်ကျပြီး ၁ကောင်အရှင်မိတယ်လက်နက်သိမ်းဆည်းရမိတာကတော့ အဲဒီစာရင်းထဲကအတိုင်းပဲ” ဟု PDF ရဲဘော်ကပြောသည်။

ဆင်ဖြူရှင် တံတားသည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိပြီး မြစ်တစ်ဖက်ကမ်းစီတွင် ရေစကြိုမြို့နင့် ချောင်းဦးမြို့တို့ ချိတ်ဆက်ပေးထားသောချင်းတွင်းမြစ်ကူးတံတားဖြစ်သည်။တံတားဂိတ်စခန်းကို ယနေ့( ဇွန် ၉ရက် )နေ့လည် ၁၂နာရီတွင် တိုက်ခိုက်ရာ ၁နာရီတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီ ဂိတ်စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

“နောက်ထက်လည်း သူတို့ စစ်ကူလာတဲ့ ကားကို မိုင်းဆွဲထားတာရှိတယ်။ အဲဒါ ကား တစ်စီးလုံး စုတ်ပြတ်သွားတယ်။ မိုင်း ၆လုံးဆွဲထားတာဆိုတော့လေ။ ကားပေါ်မှာရှိတဲ့ ခွေးတွေလည်း အကုန်သေတယ်ပြောတယ်” ဟု PDF ရဲဘော်က ပြောသည်။
ယခင်ကလည်း ရေစကြို PDF အနေဖြင့် စစ်ကောင်စီ ရဲစခန်း ၂ခုကို တိုက်ခိုက်ခဲ့ဖူးသည်။

စစ်ကောင်စီလက်ပါးစေများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်၍ ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် အမြန်ဆုံးပူးပေါင်းကြရန်လည်း PDFရဲဘော် တိုက်တွန်းသည်။
