ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာကို ယနေ့ နေ့လည် တစ်နာရီမှစ၍စစ်ကောင်စီကလေကြောင်းမှအဆက်မပြတ်လာရောက်တိုက်ခိုက်နေပြီး ယမန်နေ့ညကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်တာ။ဗုံးတွေလည်းချသွားတယ်။ အရပ်သားတွေ ဦးတည်ရာပြေးနေရတယ်” ဟု ဇွန် ၃ ရက်ညနေ လေးနာရီခန့်အခြေအနေကို ဒေသခံတစ်ဦးက People’s Spring ထံ ဆက်သွယ်ပြောကြားသည်။
ထိုဒေသတွင်တိုက်ပွဲဖြစ်ပွားပြီးနောက်ကျေးရွာငါးရွာပါဝင်သည့်ကိုးတောင်ဘို့တိုက်နယ်မှကိုးတောင်ဘို့ရွာ၊ပိတောက်ခုံနှင့်ကွက်သစ် ရွာတို့အားစစ်ကောင်စီတပ်ကလေကြောင်းမှ တိုက်ခိုက်နေခြင်းဖြစ်သည်။ယခုသတင်းရေးသားချိန်ညနေလေးနာရီတွင်လက်နက်ကြီးပစ်ခတ်သံများကို ဖုန်းထဲမှတစ်ဆင့် ကြားနေရသည်။
“လက်နက်ကြီးနဲ့လည်း ပစ်နေတယ်။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပစ်ပြီးပြီးချင်းရဟတ်ယာဥ်နှစ်စီးနဲ့အင်အားတိုးချသွားတယ်။အခုရွာထဲကိုစဝင်နေပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။
ထိုအပြင် ယမန်နေ့(ဇွန် ၂ရက်) ညနေက ကွက်သစ်ရွာတွင်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကွက်သစ်ရွာမှ သားအဖသုံးဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
