စစ်အာဏာသိမ်းပြီနောက်ပိုင်း မြန်မာနိုင်ငံ၏ ဘာသာရေးလွတ်လပ်ခွင့်သည် ပိုမိုဆိုးရွားလာခဲ့ပြီး အမေရိကန်၏ စိုးရိမ်ဖွယ်အကောင်းဆုံးနိုင်ငံများစာရင်းတွင် ပါဝင်လာသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အရပ်သားအစိုးရကို ဖယ်ရှားပြီးနောက် လူနည်းစု ဘာသာခြားများနှင့် လူမျိုးဘာသာကွဲများကို ခြိမ်းခြောက်မှုများ၊ ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ပစ်မှတ်ထားအကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာ၌ ဖော်ပြသည်။
စစ်တပ်ရေးဆွဲပြဌာန်းခဲ့သော ၂၀၀၈ အခြေခံဥပဒေတွင် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို ခွင့်ပြုထားသော်လည်း အာဏာသိမ်းချိန်ကစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆိုးရွားသည့်လူ့ အခွင့်အရေးချိုးဖောက်မှုများကို ကျယ်ပြန့်စွာကျူးလွန်လာကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR)က ၂၀၂၁ ဒီဇင်ဘာတွင် ဖော်ပြသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကရင်နီ(ကယား)ရှိ ခရစ်ယာန်ဘုရားကျောင်းများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်ခြင်း၊ ရန်ကုန်တိုင်းတွင် အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို အမျိုးသမီးအဝတ်အစားများဝတ်ဆင်ပြီး နှုတ်ခမ်းနီဆိုးပေးကာ တွဲလျောင်းချိတ်ထားခြင်း၊ ချင်း ပြည်နယ်ရှိ ခရစ်ယာန်သင်းအုပ်ဆရာတို့ကို သတ်ဖြတ်ခြင်း စသည့်တို့ကို ကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။
အမေရိကန်က ထုတ်ပြန်သော ဘာသာရေးလွတ်လပ်ခွင့်စိုးရိမ်ဖွယ်အကောင်းဆုံးနိုင်ငံများစာရင်းတွင် မြန်မာ၊ တရုတ်၊ အီထရီယာ၊ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မီနစ္စတန် တို့ ပါဝင်သည်။
စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့များသည် မူဆလင်အများစုဖြစ်သည့် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နှိပ်စက်ညှဉ်းပန်းမှုများကို ကျူးလွန်ခဲ့ခြင်းနှင့် ဆက်လက်ကျူးလွန်လျက်ရှိသော်လည်း ပြစ်ဒဏ်ခံရခြင်းမှ လုံးဝနီးပါး ဆက်လက်ကင်းလွတ်နေကြောင်း အမေရိကန်က ထုတ်ပြန်သည်။
၂၀၁၇ တွင် ရိုဟင်ဂျာ ၁ သန်းနီးပါးကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေမှုနှင့်ပတ်သက်၍ မြန်မာစစ်တပ်သည် လူမျိုးတုန်းသတ်ဖြတ်မှု(Genocide)နှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က မတ်လက သတ်မှတ် ကြေညာခဲ့သည်။
