ကရင်နီ(ကယား) – ရှမ်းပြည်နယ်အစပ်ရှိ စစ်ကောင်စီစခန်းကို စနိုက်ပါစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃က ယနေ့ (ဇွန် ၃ ရက်) ထုတ်ပြန်သည်။
တိုက်ခိုက်မှုဖြစ်စဥ်မှာ ယမန်နေ့(ဇွန် ၂ ရက်)နံနက်ပိုင်းတွင် ပင်လောင်းနှင့် ဖယ်ခုံမြို့ကိုဆက်ထားသော ပင်ပုံနှင့် လွယ်ဝှဲကျေးရွာရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး သေဆုံးပြီး ကျန်တစ်ဦးမှာ သေဆုံးမှု ရှိ၊မရှိ အတည်မပြုနိုင်ဟု အသိပေးသည်။
စစ်ကောင်စီဖက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကရင်နီဒေသအစပ် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ညောင်ရွှေမြို့နယ်၊ထီရိကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီတပ်ကို မေလ ၁၂ ရက်က ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်တစ်ရက်တွင် စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ၊ဆောင်နန်းခဲရွာဖက်မှစတင် စစ်ကြောင်းထိုးခဲ့သည်။
ထို့နောက် ဖယ်ခုံအရှေ့ဘက်ကမ်းဒေသ ၁၀ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ထက်မနည်းသေဆုံးပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲအတွင်း KNDF တပ်ရင်း – ၃ မှ ရဲဘော်တစ်ဦးအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးကျဆုံးခဲ့ကာ (၁၀၀၈) တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း (၂) ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း (၁၀၀၅)၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ် ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေသည်။
