●အမှန်တစ်ကယ်ရှိသောအရေအတွက်မှာထိုထက်ပိုများဟုမြေပြင်တွင်ကူညီပေးနေသောအဖွဲ့အစည်းအချို့ပြော
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားသော တိုက်ပွဲများနှင့် မလုံခြုံမှုကြောင့် ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ၇ သိန်းခန့်ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က ထုတ်ပြန်သည်။
မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေနှင့်ပတ်သက်သောနောက်ဆုံးထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် ဖော်ပြခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် နေရပ်စွန့်ခွာရသူအရေအတွက်သည် ပထမဆုံး အကြိမ် တစ်သန်းကျော်ရှိလာသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ တိုက်ပွဲများကြောင့်နေရပ်စွန့်ခွာသူအရေအတွက်သည် စစ်ကိုင်းတိုင်းတွင် ၃၃၆,၆၀၀ ဖြင့် အများဆုံးဖြစ်ပြီး ကရင်နီပြည်(ကယား)တွင် တစ်သိန်းနီးပါးဖြင့် ဒုတိယအများဆုံးဖြစ်သည်။
ထို့အပြင် ကရင်ပြည်နယ်တွင် ၈၀၀၀၀ ကျော်၊ ရှမ်းတောင်နှင့် မကွေးတို့တွင် ၅၀၀၀၀ ကျော်စီ၊ ချင်းပြည်နယ်တွင် ၃၆၀၀၀၊ မွန်ပြည်နယ်တွင် ၁၈၀၀၀ ၊တနသာ်ရီတိုင်းတွင် ၁၁၅၀၀ ၊ ပဲခူးအရှေ့ပိုင်းတွင် ၃၇၀၀ ကျော် စသဖြင့်နေရပ်စွန့်ခွာခဲ့ရကြောင်း OCHA က အစီရင်ခံသည်။

ကရင်နီပြည်နယ်တွင် OCHA စာရင်းအရ စစ်ရှောင်ပြည်သူတစ်သိန်းခန့်သာရှိသည်ဆိုသော်လည်းကရင်နီပြည် နယ်အတိုင်ပင်ခံကောင်စီ( KSCC) ၏ အဆိုအရ ကရင်နီပြည်နယ် တွင်(မိုးဗြဲနှင့်ဖယ်ခုံမြို့)ကို ထည့်သွင်းထားသည့် စစ်ဘေးရှောင်အရေအတွက်မှာ နှစ်သိန်းကျော်ထိရှိနေပြီး အစာငတ်မွတ်ဘေး မကြာမီကြုံတွေ့ရနိုင်သည်ဟုမကြာသေးမီရက်ပိုင်းတွင်ပြောကြားထားသည်။ အခြားဒေသများတွင်လည်း အမှန်တစ်ကယ်ရှိသော စစ်ဘေးရှောင်ပြည်သူအရေအတွက်မှာ OCHA စာရင်းထက်ပိုများကြောင်းမြေပြင်တွင်ကူညီပေးနေသောအဖွဲ့အစည်းအချို့ပြောသည်။

အာဏာမသိမ်းခင်က နေရပ်စွန့်ခွာထွက်ပြေးနေရသောစစ်ရှောင်ပြည်သူ သုံးသိန်းခွဲခန့် ရှိခဲ့ပြီး အဓိကအားဖြင့် ကချင်၊ရခိုင်၊ ချင်းနှင့် ရှမ်း စသောပြည်နယ်များမှဖြစ်ကြောင်း လည်း OCHA က အစီရင်ခံသည်။
ပြီးခဲ့သည့် ဧပြီမှစ၍ ရခိုင်၊ ကချင်၊ ရှမ်းတောင်ပိုင်း၊ ကရင်တို့တွင် မိုးသက်လေပြင်းနှင့်အတူ မုတ်သုန်ရာသီ ရောက်ရှိလာပြီး ဒုက္ခသည်များနားခိုရာ ယာယီတဲများကို ပျက်စီးဆုံးရှုံးစေပြီး လူသားချင်းစာနာမှုတုံ့ပြန်ရေးနှင့် ပြင်ဆင်ကြိုးပမ်းမှုများသည် အန္တရာယ်မြင့်မားသောဒေသများ၌ ကျရောက်နေ ကြောင်း OCHA က ဆိုသည်။

လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ထိခိုက်မှုအများဆုံးပြည်သူများထံ အရေးပေါ်အသက်ကယ်ဆယ်ရေးအထောက်အပံ့များ ဆက်လက်ပေးအပ်နေသော်လည်း သွားရောက်နိုင်ရေး စိန်ခေါ်မှုများနှင့် ရန်ပုံငွေအကန့်အသတ်များရှိနေကြောင်း OCHA ၏ အစီရင်ခံစာ၌ ဖော်ပြသည်။
ယခုနှစ် ပထမလေးလပတ်တွင် မြန်မာနိုင်ငံလူဦးရေ ၂.၆ သန်းသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းသည်။
