ကမ္ဘာပေါ်မှာ အရွယ်အစား အကြီးမားဆုံး သစ်ပင်ကြီးကို ဩစတြေးလျ နိုင်ငံ ကမ်းလွန် ပင်လယ်ပြင်မှာ သိပ္ပံ ပညာရှင်တွေက အတည်ပြု တွေ့ရှိခဲ့ပါတယ်။
ပါ့သ်မြို့ မြောက်ဖက် ကီလိုမီတာ ၈၀၀ လောက် အကွာက ငါးမန်း ပင်လယ်ကွေ့ ရေပြင်ထဲမှာ အဲဒီ ရေအောက် မြက်ပင်ကြီးကို မတော်တဆ ရှာတွေ့ခဲ့တာလို့ ဆိုပါတယ်။ နယူးယောက် မြို့လယ်က မက်ဟမ်တန် ရပ်ကွက် ၃ ခုစာလောက် ကျယ်ပြန့်တဲ့ ရေအောက် မြက်ခင်းကြီး တစ်ခုကို မျိုးဗီဇ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက် အပင်တွေ စုပေါက်နေတာ မဟုတ်ဘဲ အပင် တစ်ပင်တည်း ဖြစ်နေတယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဩစတြေးလျ အနောက်ပိုင်း ပင်လယ်ပြင်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀ ကျော်လောက်က မျိုးစေ့ တစ်ခုကနေ စပေါက်လာတဲ့ အပင်ဟာ အခုလို အရွယ်အစား ဖြစ်လာတာလို့ ယုံကြည်ရပါတယ်။ အဲဒီ ပင်လယ် မြက်ပင်ဟာ အကျယ် စတုရန်း ကီလိုမီတာ ၂၀၀ နီးပါးလောက် ရှိတယ်လို့ အနောက် ဩစတြေးလျ တက္ကသိုလ်ရဲ့ ရုက္ခဗေဒ ပညာရှင်တွေက ပြောပါတယ်။
အဲဒီ ပညာရှင် အဖွဲ့ဟာ ငါးမန်း ပင်လယ်အော်က ဇီဝ မျိုးကွဲတွေရဲ့ မျိုးဗီဇ ကွဲပြားမှုကို လိုက်လံ စစ်ဆေးရင်း ကြီးမားလှတဲ့ အပင်ကြီးကို သတိပြုမိသွားတာ ဖြစ်ပါတယ်။ ဒီအပင်ဟာ ဖဲပြားရေမှော်လို့ ခေါ်တဲ့ အပင်မျိုးဖြစ်ပြီး ဩစတြေးလျ ကမ်းရိုးတန်းတွေမှာ အများအပြား တွေ့ရတတ်ပါတယ်။
သူတို့ဟာ မူလက ရေအောက်မြက်ခင်းကြီးလို့ ယူဆထားတဲ့ အရွက်တွေဆီကနေ မျိုးဗီဇ နမူနာ ၁၈၀၀၀ လောက်ကို ယူလာပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။ မူလ ရည်မှန်းချက်က မြက်ခင်းကျယ်ကြီးမှာ အပင် ဘယ်လောက် ပါဝင် ဖွဲ့စည်းထားသလဲ ဆိုတာကို ခန့်မှန်းဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ မျိုးဗီဇ စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့ အခါမှာတော့ အားလုံး မျက်လုံးပြူးသွားကြောင်း၊ ဒါဟာ အပင် တစ်ပင်တည်းဆိုတဲ့ အဖြေကို အမှတ်မထင် သိလိုက်ရလို့ဖြစ်ကြောင်း ဦးဆောင် သုတေသီ ဂျိန်း အက်ဂျီလိုက ပြောပါတယ်။
အဲဒီ အပင်ဟာ အံ့ဩစရာ ကောင်းလောက်အောင် ကြံ့ခိုင် သန်မာပြီး ပင်လယ်ကွေ့ထဲက ပတ်ဝန်းကျင် အခြေအနေ မတူညီတဲ့ နေရာတွေမှာ ဖြန့်ကျက် ပေါက်ရောက်နေကြောင်း သိရပါတယ်။ အပင် တစ်ပင်တည်းက အပူချိန်၊ အလင်းရောင်နဲ့ တခြား သက်ရောက်မှုတွေ မတူညီတဲ့ နေရာမှာ ကောင်းကောင်း ရှင်သန်နိုင်တာဟာ အကြမ်းပတမ်း ခံနိုင်လွန်းလို့ ဖြစ်ပြီး တခြား အပင်မျိုးစိတ်တွေ အတွက်ဆိုရင်တော့ အတော်ကြီး ဖိစီးမှု ရှိနိုင်ကြောင်း သုတေသီ တစ်ဦးဖြစ်တဲ့ ဒေါက်တာ အဲလိဇဘက်သ် ဆင်ကလဲယားက ပြောပါတယ်။
မြက်ခင်းပြင်လို ပြန့်ကြဲ ပေါက်ရောက်တတ်တဲ့ အပင်မျိုးစိတ်ဟာ တစ်နှစ်ကို ပျမ်းမျှ ၃၅ စင်တီမီတာလောက် ကျယ်ဝန်းလာနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အခု အရွယ်အစားထိ ရောက်ဖို့ဆိုရင် အပင်ရဲ့ သက်တမ်းက အနည်းဆုံး နှစ်ပေါင်း ၄၅၀၀ လောက် ကြာမြင့်ဖို့ လိုအပ်မယ်လို့လည်း သိရပါတယ်။
