ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောအူး(တောင်ငူ)ခရိုင် တပ်မဟာ ၂ နယ်မြေအတွင်းမှာ ဒေသခံပြည်သူလူထုနဲ့ ကေအဲန်ယူအုပ်ချုပ်ရေးအပေါ် နည်းမျိုးစုံနဲ့ ဝင်ရောက်စွက်ဖက်နှောင့်ယှက်နေတဲ့ စစ်ကောင်စီတပ်အပေါ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၂ က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်ထဲမှာ စစ်ကောင်စီတပ်ဟာ သွားလာနေတဲ့ပြည်သူလူထုအပေါ် နှောင့်ယှက်ဟန့်တားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေတာကြောင့် ဒီလုပ်ဆောင်မှုအပေါ် ရပ်တန့်ဖို့၊ ကေအဲန်ယူရဲ့ အုပ်ချုပ်ရေးလုပ်ငန်းနဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေကို စစ်ကောင်စီက ဝင်ရောက်စွက်ဖက်နှောင့်ယှက်တာတွေ မလုပ်ဖို့ KNLA တပ်မဟာ ၂ က အသိပေးထုတ်ပြန်ထားတာပါ။
“ဒေသခံပြည်သူလူထုရဲ့ကားကိုချောဆွဲတယ် ခိုင်းစားတယ်။ ကေအဲန်ယူအမြဲလုပ်နေတဲ့ အုပ်ချုပ်ရေးလုပ်ငန်းမှန်သမျှကို အဟန့်အတား နည်းမျိုးစုံနဲ့လုပ်လာခဲ့တယ်။ ပြီးတော့လည်း ပြည်သူလူထုရဲ့ စားဝတ်နေရေး အသွားအလာအပေါ်မှာလည်း မှတ်ပုံတင်စစ်တယ်”လို့ KNLA တပ်မဟာ ၂ တပ်မဟာမှူးဖြစ်သူက ပြောပါတယ်။
တပ်မဟာ ၂ ထုတ်ပြန်ချက်ထဲမှာ အထူးသဖြင့် စစ်ကောင်စီရဲ့ စကခ(၂၀) ဗိုလ်မှူးချုပ်ကိုကိုလွင်ဟာ ကေအဲန်ယူရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှုတွေကို ရပ်တန့်ဖို့ အထူးသတိပေးပြီး စစ်ကောင်စီအနေနဲ့ ဒီလိုလုပ်ရပ်မျိုးဆက်လက်လုပ်ဆောင်ပါက နောင်ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို တာဝန်ယူသွားမှာမဟုတ်ဘူးလို့ ပါရှိပါတယ်။
“စစ်ရေးကတော့ သူတို့အပေါ်မှာပဲမူတည်တယ်။ သူတို့ထဲမှာ တာဝန်အများကြီးရှိတယ်။ တကယ်ကျနော်တို့တောင်းဆိုတဲ့အပေါ်မှာလည်း အမှန်တရားပဲတောင်းဆိုတာ” လို့ KNLA တပ်မဟာ ၂ တပ်မဟာမှူးက ဆိုပါတယ်။
လတ်တလော ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ ၂ ထိန်းချုပ်နယ်မြေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေမှာ လုံလောက်မှုမရှိလို့ အခက်အခဲတွေကြုံဆုံနေရတယ်လို့ တပ်မဟာမှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။
