စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဟုဆို
စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းပိုင်းတွင် ဖြတ်သန်းလာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။
ယမန်နေ့ (ဇွန်လ ၂ရက်) ည ၉နာရီ ၄၅မိနစ်အချိန်က ရွှေဘို – မန္တလေးလမ်းပေါ် စစ်ကိုင်းမြို့နယ် ကျားမင်းကြီးရွာနှင့် ချိုင်းကြီးကျေးရွာကြားတွင် စစ်ကိုင်းဘက်မှ ရွှေဘိုမြို့သို့ဦးတည် ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ၁၀ဘီးကား ၆စီးယာဉ်တန်းမှ နှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။
ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား နှစ်စီးလုံး တာယာများပွင့်ထွက်၍ နေရာတင်ထိုးရပ်ခဲ့ပြီး တပ်သား အများအပြားသေဆုံးနိုင်ကြောင်း နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့နှင့် phoenix(SGG) အဖွဲ့များက ပြောသည်။
“ဒီကနေ့ နံနက် ၃နာရီခန့်က အလောင်းလာကောက်ပြီး ရှင်းလင်းသွားတယ်လို့သိရပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။
အလားတူ ယမန်နေ့ည ၁ဝနာရီခန့်ကလည်း ရွှေဘို – မန္တလေးလမ်းပေါ်၊ စစ်ကိုင်းမြို့နယ် ကျော်ဇေယျာရွာနှင့် ဆားတောင်မြို့ကြားတွင် စစ်ကိုင်း အုန်းတောဘက်မှ မောင်းနှင်လာသော စစ်ကောင်စီတပ်သားများ တင်ဆောင်လာသည့် တွဲကား နှစ်စီးကို အခြားအဖွဲ့များက ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြသည်။
စစ်ကိုင်းခရိုင် တပ်ရင်း (၁) နှင့် မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကပြောသည်။
ယမန်နေ့ညက ရွှေဘို – မန္တလေး လမ်းမကြီးပေါ် မည်သည့်ယာဥ်မျှ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကြိုတင်သတိပေးကြေညာခဲ့သည်။
