တစ်လကျော်ကြာဖမ်းဆီးထားတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၃ ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ စစ်ကောင်စီက စွဲဆိုကာ အင်းစိန်ထောင်မှာ ဖမ်းဆီးထားတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။
ဒီကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ဒေါပုံဘောလုံးကွင်းမှာ ဖမ်းဆီးခံလိုက်ရတာပါ။ ဖမ်းဆီးခံရတဲ့ ကျောင်းသား ၃ ဦးဟာ စတုတ္ထနှစ် ကျောင်းသားကိုကောင်းခန့်နိုင် ၊ ဒုတိယနှစ်ကျောင်းသား တွေဖြစ်တဲ့ ကိုဟိန်းထက်ဇော်နဲ့ ကိုသီဟအောင် တို့ဖြစ်တယ်လို့သိရပါတယ်။
သူတို့တွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀(က) ၊(ဈ) ၊ ပုဒ်မ ၅၁(ဂ) တို့နဲ့ စွဲဆိုကာ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။ ဒီပုဒ်မတွေဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်အထိ ချလို့ရတဲ့ပုဒ်မတွေလည်းဖြစ်ပါတယ်။
ဒါအပြင်သာကေတရဲစခန်းမှာ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မတွေနဲ့ စစ်ကောင်စီက စွဲဆိုထားသေးတယ်လို့လည်း ကျောင်းသားသမဂ္ဂ က ထုတ်ပြန်ထားပါတယ်။
