●အရပ်သားအစိုးရလက်ထက်ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်အများစုကိုပါ အဂတိမှုဖြင့်အမှုဖွင့်ပြီး ဦးဖြိုးမင်းသိန်းကိုမူထပ်မံအမှုမဖွင့်ပေ
စက်သုံးဆီလုပ်ပါအဝင် ဟိုတယ်လုပ်ငန်းများလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဇင်မင်းအောင်ကို စစ်ကောင်စီက အဂတိအမှုဖြင့်အမှုဖွင့် ဖမ်းဆီးလိုက်ကြောင်း မေ ၂၆ ရက်က ထုတ်ပြန်ကြေညာသည်။
ဦးဇင်မင်းအောင်သည် Yangon Petrol နှင့် PT power စက်သုံးဆီအရောင်းဆိုင်များတွင် ရှယ်ယာအများဆုံးပိုင်ဆိုင်သည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။
“အဖမ်းခံရတာ ဟုတ်ပါတယ်”ဟု ဦးဇင်မင်းအောင်နှင့် နီးစပ်သည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီက အရပ်သားအစိုးရလက်ထက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များကို ဖက်စပ်ကုမ္ပဏီဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန် ဆောင်ရွက်ရာတွင်နစ်
နာမှုများရှိသည်ဟု အကြောင်းပြချက်ဖြင့် အဂတိမှုအဖြင့် တရားစွဲဆိုရာတွင် ဦးဇင်မင်းအောင်ကိုပါတရားစွဲဆိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ ထိန်းချုပ်ထားသည့် အဂတိကော်မရှင်က အရပ်သားအစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန်ဦးစိုးလွင်၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးဦးသန်းနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင် တို့ကို အဂတိအမှုဖြင့် အရေးယူလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
သို့သော် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုမူအထက်ပါအမှုအတွကိထပ်မံတရားစွဲဆိုခြင်းမရှိပေ။ဦးဖြိုးမင်းသိန်း တို့ဇနီးမောင်နှံသည် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ကောင်စီက အဂတမှုဖြင့်တရားစွဲဆိုရာတွင်သက်သေအဖြစ်ထွက်ချက်ပေးနေသူလည်းဖြစ်သည်။
ဦးဇင်မင်းအောင်သည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ဖမ်းဆီးခံရသည့် တတိယမြောက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ၎င်းရှေ့တွင် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေနှင့် Denkoစက်သုံးဆီကုမ္ပဏီ၊ MABဘဏ်နှင့်ဧဒင်ကုမ္ပဏီလုပ်ငန်းစုပိုင်ရှင် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သောဦးချစ်ခိုင်တိုကို စစ်အုပ်စုက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Yangon Petrol ကုမ္ပဏီကို ဦးဇင်မင်းအောင် အပါအဝင် ဒါရိုက်တာ ၆ ဦးဖြင့် ၂၀၁၇တွင်ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်းရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများ ညွန့်ကြားမှုဦးစီးဌာ၏ စာရင်းများတွင်ဖော်ပြထားသည်။ထို ရှယ်ယာရှင်များသည်လည်း PT power၏ရှယ်ယာရှင်များနှင့်အတူတူဖြစ်သည်။
