ကေအဲန်ယူထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ ဒီကနေ့နေ့လည်ပိုင်းက KNLA တပ်မဟာ ၃ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇွန် ၂ ရက် နေ့လည် ၁၂ နာရီကျော်က ကျောက်ကြီးမြို့နယ် မဘီကြီးကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ နဲ့ စစ်ကောင်စီရဲ့ ခလရ(၂၀)၊ ခမရ(၁၂၄)၊ ခမရ(၄၃၉)၊ ခမရ(၃၅၀)တပ်တို့နဲ့ ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုတော့ မသိရသေးဘူးလို့ ကေအဲန်ယူက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ယ်တွေပစ်ချခဲ့တာကြောင့် မဘီကြီးကျေးရွာအနီးက လူဦးရေ (၁၄၃)ဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုတွေအပေါ် သတ်မှတ်ထားတဲ့အချိန်အတွင်း သွားလာရမယ်လို့ ညွှန်ကြားထားပြီး ဒေသခံပြည်သူတွေရဲ့သွားလာရေးကို ပိတ်ဆို့တာတွေ၊ ငွေကြေးကောက်ခံတာတွေလည်း ပြုလုပ်နေတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
