ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ပူးပေါင်းပြီး စစ်ဆင်ရေးပြုလုပ်ခဲ့ရာ နှစ်ပတ်အတွင်း တိုက်ခိုက်မှု ၃၈ကြိမ် ပြုလုပ်ခဲ့ကြောင်း ဒရုန်းတပ်ဖွဲ့ Force For Federal Democracy(FFD) က ယနေ့ ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်ပွားရာနေရာဒေသများကို ဖော်ပြမထားသော်လည်း ၂ပတ်အတွင်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်၏ ရိက္ခာလမ်းကြောင်းကိုထိရောက်စွာ ဖြတ်တောက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်များသည်ဟု ဖော်ပြထားသည်။
ယခု စစ်ဆင်ရေးအတွင်း ဒရုန်းများထိခိုက်ပျက်စီးမှုရှိသော်လည်း ရဲဘော်များ ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။
FFDသည် KNUနယ်မြေအတွင်း စစ်ဆင်ရေးများ၌ ပါဝင်နေသကဲ့သို့ တပ်ဖွဲ့ဝင်များကိုလည်း အခြားမြို့များသို့ခွဲ၍ စစ်ဆင်ရေးတိုက်ခိုက်ရေးလုပ်ဆောင်နေသည်ဟု ဆိုသည်။
