ကရင်နီ(ကယား)ပြည်နယ်၊ဖရူဆိုမြို့နယ် ထားလဲနဲ့ နန်းဖဲ ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးသူများ ပြားပြီး စစ်ကားနှစ်စီးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကရင်နီသတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။
ယနေ့(ဇွန် ၂ ရက်)တွင် စစ်ကောင်စီတပ်ယာဥ်တန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် ကရင်နီတပ်မတော် (KA) တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲမှာ ပြင်းထန်ခဲ့ကာ စစ်ကောင်စီက လေကြောင်းပစ်ကူရယူခဲ့ရသည်ဟု ဆိုသည်။

“မနေ့ကထဲက ထားလဲမှာ တစ်နေကုန် တိုက်ပွဲဖြစ်တာ။အဲဒီကနေ ရန်သူက ဘောလခဲ နန်းဖဲဘက်ကို ဆက်တိုးလာတဲ့အချိန် ဒီနေ့ တိုက်ပွဲက ပိုပြင်းထန်ခဲ့တာ။ညနေ ၄ နာရီလောက်မှာ လေယာဥ်နဲ့ ဗုံးလာကြဲတယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို သက်ဆိုင်ရာတပ်ရင်းများက ထုတ်ပြန်မည်ဟုလည်း ၎င်းက ဆိုသည်။
ယခင်လ (မေ ၇ ရက်)ကလည်း ဖရူဆိုမြို့နယ် လောကျေခူ ကျေးရွာတွင် စစ်ကောင်စီယာဥ်တန်းကို KNDF တပ်ရင်း (၄)အပါအဝင် ကရင်နီတပ်မတော်မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားငါးစီးထက်မနည်းပျက်စီးပြီး သေဆုံးသူ ၄၀ ခန့်ရှိခဲ့သည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေ၍ နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
ယနေ့ နံနက်ပိုင်းကပင် လွိုင်ကော်မြို့ အရှေ့ခြမ်းတွင် ခလရ (၅၃၀)မှ အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF B – 14 က ထုတ်ပြန်ထားသည်။
ကရင်နီပြည်နယ်တွင် မေလနောက်ဆုံးပတ်အတွင်း ထိတွေ့တိုက်ပွဲ ခုနှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦးထက်မနည်းသေဆုံးကာ KNDF ရဲဘော်တစ်ဦးနှင့် (၁၀၀၈)ခြေလျင်တပ်ရင်း ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။
