●စစ်ဘေးရှောင်ပြည်သူအများဆုံးရှိသောဒီးမော့ဆို၊ဖရူဆိုမြို့နယ်များသို့မရောက်သေးဟု ကယန်းဒေသစစ်ဘေးရှောင်ကြီးကြပ်ရေးကော်မတီကပြော
ကရင်နီ(ကယားပြည်နယ်)တွင် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူများနှင့် အခြားထိခိုက်လွယ်သူမိသားစုများအတွက်အထောက်အပံ့များစတင်ပေးအပ်နေပြီး ရပ်ရွာလူထု၏ အကြံပြုချက်များအား ဖိတ်ခေါ်ကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ် ရိက္ခာအစီအစဥ်(WFP) က ဇွန် ၁ ရက်တွင်ထုတ်ပြန်သည်။
ပဋိပက္ခဒဏ်ခံနေရသည့် ကရင်နီ(ကယား) ပြည် နယ် ရှိ လွိုင်ကော်မြို့တွင်းနှင့် အနီးတစ် ဝိုက်ဒေသများတွင်နေထိုင်နေကြသော နေရပ်စွန့်ခွာခဲ့ရသူ ဦးရေ ၈၀,၀၀၀ ဝန်းကျင်အတွက် အသက်ကယ် စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာ အကူ အညီများကို WFP ၏ ဝန်ထမ်းအဖွဲ့များက တိုက်ရိုက် ပေးအပ်ဖြန့်ဝေလျက်ရှိသည်ဟုဖော်ပြထားသည်။

ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ခိုလှုံနေကြသော ကယားပြည်နယ်မှ နေရပ်စွန့်ခွာလာရသူများအတွက်လည်း WFP က စားနပ်ရိက္ခာနှင့် အာဟာရများအား ထောက်ပံ့ပေးလျက်ရှိရာ၊ ယခု စတင်လိုက်သော အထောက်အပံ့လုပ်ငန်းသစ်ဖြင့် WFP ၏ အကူအညီများကို ပိုမိုကျယ် ပြန့်ထိရောက်စွာ ပေးအပ်နိုင်မည်ဟုလည်းအသိပေး သည်။
ရှုပ်ထွေးသော လုံခြုံရေးအခြေအနေကြောင့် အကူအညီပေးခွင့် ကန့်သတ်မှုများရှိသည့်ကြားမှ အကျိုးခံစားခွင့်ရှိသူများ အမြောက်အများထံ ရိက္ခာအထောက်အပံ့များကို ကြိုးစားဖြန့်ဖြူး ပေးဝေနေကြောင်း WFP ကဆိုသည်။
“စစ်ရှောင်တွေအများဆုံးရှိတဲ့ ဒီးမော့ဆို၊ဖရူဆို တို့ဆီကိုမရောက်သေးဘူး။အများစုမလွှမ်းခြုံနိုင်သေးဘူးဆိုတာ ကျွန်တော်တို့ အကြံပြုလိုတယ်။ပြီးတော့ အခုမိုးရာသီဆိုရင် ပိုပြီး နေရေးထိုင်ရေးက ခက်ခဲတယ်။ဒါတွေအတွက်လည်း စဥ်စားပေးဖို့လိုတယ်”ဟု ကယန်းဒေသစစ်ဘေးရှောင်ကြီးကြပ်ရေးကော်မတီမှ ဦးအိုက်ခင်မောင်ထွန်းက လူထုနွေဦးသို့ ပြောသည်။

ကရင်နီပြည်နယ် တွင်(မိုးဗြဲနှင့်ဖယ်ခုံမြို့)ကို ထည့်သွင်းထားသည့် စစ်ဘေးရှောင်အရေအတွက်မှာ နှစ်သိန်းကျော်ထိရှိနေပြီး အစာငတ်မွတ်ဘေး မကြာမီကြုံတွေ့ရနိုင်သည်ဟုမကြာသေးမီရက်ပိုင်းတွင် ကရင်နီပြည် နယ်အတိုင်ပင်ခံကောင်စီ KSCC ကလည်း ပြောကြားထားသည်။
“”စစ်ကြောင့်တိုက်ပွဲကြောင့် လက်နက်ကြီးကြောင့် သေဆုံးမှုက နည်းသွားပြီးတော့မှ အစာအာဟာရ ပြတ်လပ်မှုကြောင့်၊မလုံလောက်မှုကနေ အသက်အန္တရာယ် ဆုံးရှုံးတာတွေ ဖြစ်ကိုဖြစ်မယ်။အဲဒါကို ပြောခြင်းဟာ ပြင်ဆင်ခြင်းဖြစ်တယ်။အဲဒီဟာကို မကူညီဘူးဆိုရင်တော့ နိုင်ငံတကာအဖွဲ့အစည်းဖြစ်စေ၊ UN ဖြစ်စေ က ကရင်နီပြည်နယ်မှာ ပြည်သူတွေသေဆုံးမှုကို လက်သင့်ခံတယ်။တစ်ဖက်တစ်လမ်းကနေအားပေးအားမြှောက်ပြုတယ်ပဲပြောချင်တယ်”
ဟု ဦးဗညားက သတိပေးသည်။
အလားတူ စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးမည့် အာဆီယံနှင့်ကုလသမဂ္ဂ၏ အစီအစဉ်ကို ကန့်ကွက်ကြောင်း NUG နှင့်တိုင်းရင်းသားအဖွဲ့အစည်းသုံးခု မေ ၃၀ ရက်က ကြေညာချက်ထုတ်ထားသည်။

စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးမည်ဆိုပါက အမှန်တကယ်လိုအပ်နေသော ပြည်သူများကို အကူအညီပေးရန်ထက် ယင်းအကူအညီများကို စစ်ကောင်စီက လက် နက်သဖွယ်အသုံးပြုရန်ဖြစ်လာမည်ဟု NUG ၊ KNPP ၊ KNU နှင့် CNF တို့က သတိပေးထားသည်။
လူသားချင်းစာနာမှုအကူအညီများပေးရန် သက်ဆိုင်သူများပါဝင်မှုမရှိသည့် ချဉ်းကပ်သော နည်းလမ်းကို ပြန်လည်စဉ်းစားရန်၊ ဆန်းစစ်လေ့လာမှုနှင့် အကူအညီပေးရေးအစီအစဉ်များကို ပြန်လည် သုံးသပ်ရေးဆွဲရန် အထက်ပါအဖွဲ့အစည်းများက တောင်းဆိုခဲ့သော်လည်း မူလစီစဉ်ထားသည့်အတိုင်းဆောင်ရွက်ရန်ပေါ်လွင်နေသည်ဟု အသိပေးသည်။
အာဆီယံနှင့် ကုလသမဂ္ဂတို့သည် ပြီးခဲ့သည့်မတ်လက ကမ္ဘောဒီးယား၌ ပြုလုပ်ခဲ့သော အာဆီယံ၏လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကြပ်အတည်းအစည်းအဝေးတွင် စစ်ကောင်စီမှတဆင့် အကူအညီပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်၌ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တစ် လျှောက်တွင် WFP သည် လူထုပူးပေါင်းပါဝင်သည့် စနစ်တစ်ခုကို တည်ထောင်ထားပြီး အဆို ပါစနစ်မှ တစ်ဆင့် WFP ၏ ရိက္ခာအထောက်အပံ့များနှင့်ပတ်သက်သော အကြံပြုချက်များအားလုံးကို ကြိုဆိုသည်ဟုဆိုသည်။

အကျိုးခံစားခွင့်ရှိသူများအနေဖြင့် ရိက္ခာဖြန့် ဖြူးရေးနေရာများတွင်ရှိနေသော WFP ဝန်ထမ်းများနှင့် တိုက်ရိုက်စကားပြောဆိုပေးပါရန်နှင့် WFP ၏ အကူအညီပေးရေး ဖုန်းနံပါတ်များကို ဖုန်းခေါ်ဆိုပေးပါရန်လည်း တိုက်တွန်းထားသည်ဟု ဆိုသည်။
WFP ၏ အကူအညီပေးရေးဖုန်းနံပါတ် အရ (ရှမ်းပြည်နယ်တောင်ပိုင်း) 09 883 005 668 ၊ (လွိုင်ကော်) 09 264 819 195 တို့ ဖြစ်သည်။
ထို့အပြင် WFP ၏ အကူအညီပေးရေးဖုန်းနံပါတ်များကို ဖြန့်ဝေထားသောဆန်အိတ်တိုင်းတွင်လည်း ရိုက်နှိပ်ထားပြီး WFP အနေဖြင့် အကျိုးခံစားခွင့်ရှိသူများ၏ အကြံပြုချက်၊ တိုင်ကြားချက်မှန်သမျှကို စနစ်တကျ မှတ်တမ်းတင်ထားပြီး၊ အရေးယူဆောင်ရွက်ချက်များကို သေချာစွာ ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပံ့ပိုးပေးထားသော စားနပ်ရိက္ခာအားလုံးသည်အကျိုးခံစားခွင့်ရှိသူများ ကိုယ်တိုင်စားသုံးရန်အတွက်သာဖြစ်ပြီးအကျိုးခံစားခွင့်ရှိသူများအနေဖြင့် ၎င်းတို့ရရှိထားသောရိက္ခာများကို အဆင်ပြေသလို အသုံးပြုခြင်းသည် ကိုယ်ပိုင်လုပ်ပိုင်ခွင့်ဖြစ်သောကြောင့် ၎င်းတို့၏ ဆုံးဖြတ် ချက်ကိုအပြည့်အဝအသိအမှတ်ပြုကြောင်းလည်းပါရှိသည်။
သို့သော်လည်း WFP ၏ လူသားချင်းစာနာမှု စားနပ်ရိက္ခာအထောက်အပံ့များကို အခွင့်မရှိဘဲ စီးပွားဖြစ်ရောင်းချခြင်းကိုမူ လုံးဝလက်သင့်ခံမည် မဟုတ်ဟုအသိပေးထားသည်။
လူသားချင်းစာနာမှု စားနပ်ရိက္ခာအထောက်အပံ့အထူးဦးစားပေးအဖြစ် စစ်ကိုင်း၊ မကွေးတိုင်း နှင့် ချင်းပြည်နယ်တို့တွင် အကူအညီများပေးအပ်နိုင်ရေး ကြိုးပမ်းနေသည်ဟု WFP ကဆိုသည်။
