ရုံးအတွင်းနှင့် အပြင်၌ အချိန်ပြည့်လုံခြုံရေးချထားသောနောင်ချိုပညာရေးမှူးရုံး၏ အပေါ်ထပ်အစည်းအဝေးခန်းမတွင် ဗုံးပေါက်ကွဲခြင်းသည်စစ်ကောင်စီတပ်လက်ချက်သာဖြစ်ကြောင်း ဒေသခံများကပြောသည်။
“ကျောင်းဝင်းအတွင်းအပြင်နေရာစုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ကြားကနေ ကျောင်းရဲ့ အပေါ်ထပ်မှာ ဖြစ်ခဲ့တာ။ ဒါဟာ စစ်တပ်လက်ချက်ပဲ”ဟု ကျောင်း၏အခြေအနေကို သိရှိထားသည့် ဒေသခံတစ်တစ်ဦးကPeople’s Spring သို့ပြောသည်။
နောင်ချိုမြို့နယ်ပညာရေးမှူးရုံး၏ဒုတိယထပ်တွင်ရှိသောအစည်းအဝေးခန်းတွင်မေ၃၁ရက်နံနက်ကဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာမတစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့သည်။ ထိုရုံးအတွင်းသို့အပြင်လူဝင်မရသလို၊ အပြင်ကနေလည်း အစည်းအဝေးခန်းအတွင်းသို့ဗုံးပစ်သွင်း၍ မရသဖြင့် စစ်ကောင်စီတပ်က အကွက်ဆင်ဖောက်ခွဲခဲ့ခြင်းသာဖြစ်ကြောင်း အခြားဒေသခံတစ်ဦးကလည်းပြောသည်။
“ကိုယ့်နောင်ချိုက PDF တွေကိုကိုယ်ယုံတယ်။သူတို့လုပ်ရင်တော့ စစ်ရေးပစ်မှတ်တွေပဲလုပ်မှာ။ အခုက စစ်သားရော ရဲရော လုံခြုံရေးအထပ်ထပ် ချထားတဲ့ကျောင်းမှာမှ အပေါ်ထပ်မှာပေါက်ကွဲတာ”ဟုဒေသခံတစ်ဦးကပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့်အသက် ၅၃နှစ်အရွယ်မူလတန်းပြကျောင်းအုပ်ဆရာမဒေါ်စောခင်ချိုချိုသေဆုံးခဲ့သည်။ ထို့အပြင် လက်ထောက်မြို့နယ်ပညာရေးမှူး၁ ဦး၊ ကျောင်းအုပ်ဆရာမ ၆ ဦး၊အရပ်သားဝန်ထမ်း၁ဦးစုစုပေါင်း ၈ ဦးဒဏ်ရာရခဲ့သည်။
“ပေါက်ကွဲမှုက အရမ်းပြင်းတယ်။ အမိုးပါပွင့်ထွက်သွားတာ။ စာရွက်စာတမ်းတွေလည်း ပျက်စီးတယ်။ PDF ကတော့ ဒီလို ပြည်သူတွေ ထိခိုက်မှာမျိုး လုံးဝမလုပ်ဘူး”ဒေသခံတစ်ဦးကပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပညာရေးမှူးရူံးမှ အငြိမ်းစားစာရေးကြီးတစ်ဦးအပါအဝင် မြို့ခံ လေး၊ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်းဒေသခံများကပြောသည်။
“မြို့ပေါ်မှာတော့ ညဘက်တွေမှာ အပြင်ထွက်လို့ မရတော့ဘူး။ မနေ့ညကပဲ အပြင်ထွက်တဲ့သူ တစ်ယောက်အရိုက်ခံရတယ်” ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် အရပ်သားပြည်သူများကို တိုက်ခိုက်လာပြီး စစ်ရာဇဝတ်အမှုအသစ်များ ထပ်မံကျုးလွန်လာကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး(Amnesty International )က အစီရင်ခံစာတစ်စောင် ယမန်နေ့က ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်ဘားလမ်းဗုံးပေါင်ကွဲမှုကို PDF လက်ချက်ဟု စွပ်စွဲပြီး ၊နောင်ချို ပညာရေးမှူးရုံးပေါက်ကွဲမှုကို NLD ပါတီဝင်များလက်ချုပ်ဟုစွပ်စွဲထားသည်။ ထူးခြားမှုမှာ ဗုံးပေါက်ကွဲမှု နှစ်ခုစလုံးစစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမတိုင်ခင် တစ်ရပ်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်က အခင်းဖြစ်ပြီး ၂၄ နာရီပင်မပြည့်ခင်မည်သူတရားခံဟုပြောနေခြင်းဖြစ်သည်။
