ရန်ကုန်မြို့ရှိ မီးရထားလမ်း ခုံးကျော်တံတားတစ်ခုပေါ်တွင် ယနေ့(ဇွန်လ ၁) နေ့လယ်ပိုင်း၌ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ လူငယ်များက စစ်အာဏာရှင်ကျဆုံးရေး ပြည်သူ့ကျိန်စာ စာသားအား ချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး အဖမ်းအဆီးများနေချိန်မှာပင် “မင်းတို့ရှို့တဲ့မီး မင်းတို့ပြန်လောင်စေ” ပြည်သူ့ကျိန်စာ စာသားအား ဝေဒပညာရှင်များ၏ ညွှန်ကြားစီရင်ပေးသည့် အင်းပြားများထည့်ချုပ်၍ ချိတ်ဆွဲခဲ့ခြင်း ဖြစ်သည်။
“မင်းတို့ရှို့တဲ့မီး မင်းတို့ပြန်လောင်စေ” စာသားသည် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်း ကိုင်ဆောင်ချီတက်ခဲ့သော စာသားဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကို စစ်ကိုင်းတိုင်း၊ ကရင်နီပြည်၊ မကွေးတိုင်း၊ ချင်းပြည်၊ ရှမ်းပြည် (တောင်ပိုင်း)၊ မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်း အစရှိသည့် ဒေသများ၌ ခံစားနေရပြီး တစ်နှစ်ကျော်ကာလအတွင်း စာရင်းဇယားများအရ မီးရှို့ခံရသည့် ဒေသခံပြည်သူများ၏ နေအိမ် ခန့်မှန်းခြေ ၁၄,၀၀၀ကျော်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
