စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်စစ်ကောင်စီတပ်စစ်ကြောင်းအား ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အကြမ်းဖက်စစ်သားငါးဦးရုပ်အလောင်းများအား စစ်တပ်က သည်အတိုင်းပစ်ထားသွားကြောင်း မြင်းဖြူရှင်ပျောက်ကြား အဖွဲ့က ပြောသည်။
ပြီးခဲ့သည့်မေလ ၂၈ရက်နေ့ကဝက်လက်မြို့နယ်တွင်အင်အား၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသောစစ်တပ်အား လယ်ကွင်းပြင်တစ်နေရာတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြင်းဖြူရှင်ပျောက်ကြားအဖွဲ့က ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ယမန်နေ့ မေလ ၃၁ ရက်နေ့အထိ လာရောက်သယ်ဆောင်ခြင်းမရှိဘဲ ကျီးများထိုးနေသည်ဟု မြင်းဖြူရှင်ပျောက်ကြား အဖွဲ့က ဆိုသည်။
အကြမ်းဖက်စစ်တပ်သည် ဝက်လက်မြို့နယ် အနောက်ခြမ်းအား စစ်ကြောင်းထိုးလျက်ရှိပြီးလက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း၊ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ယခင်လို လမ်းပေါ်မှ မသွားဘဲ လယ်ကွင်းပြင်အတိုင်းသွားလာနေသည်ဟု မြင်းဖြူရှင်ပျောက်ကြား အဖွဲ့က ပြောသည်။
ဝက်လက်နယ်အတွင်း၊ ရွှေဘို-မန္တလေးကားလမ်းပိုင်း၊ ဝက်လက်-မုံရွာကားလမ်းပိုင်းများအားည၈နာရီမှ နောက်တစ်နေ့နံနက် ၅ နာရီအတွင်း သွားလာခြင်းမပြုကြရန် မြင်းဖြူရှင်ပျောက်ကြားအဖွဲ့က မေတ္တာရပ်ခံထားသည်။
အကြမ်းဖက်စစ်တပ်သည် မေလဆန်းပိုင်းကဝက်လက်နယ်အရှေ့ခြမ်းအား စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဝက်လက်နယ်အနောက်ခြမ်းကိုပါ စစ်ကြောင်းထိုးဖျက်ဆီးနေသည်။
