စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ခြေလျင်မိုင်းရှာထွက်လာသည့်စစ်ကောင်စီတပ်ဖွဲ့အား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ၂၉ ဦးနေရာတင်ပွဲချင်းပြီးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)နှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ (MSPDF) တို့ကထုတ်ပြန်သည်။
ယနေ့ (မေလ ၂၆ ရက် ) နံနက်ပိုင်းက ချောင်းဦးမြို့နယ်မှထွက်ခွာလာသော စစ်ကောင်စီအင်အား (၅၀)ခန့်နှင့် အင်အားအပြည့်လိုက်ပါလာသည့် သံချပ်ကား ၂ စီးကို မုံရွာ-မန္တလေးလမ်းမပေါ် မိုင်းရှာထွက်လာရာ နတ်ရေကန်နှင့် ရေပိုးစားရွာကြားတွင် ပဒေသာတွဲပွိုင့် ၂ ပွိုင့် (မိုင်း ၈ လုံး)ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အုပ်စုလိုက်ခြေလျင်လမ်းလျှောက်လာကြသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပဒေသာမိုင်းကြောင့် ၂၉ ဦးနေရာတင်သေဆုံး၍ (၁၂)ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း MSPDF ကအသိပေးသည်။
အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍သေဆုံးထိခိုက်မှုအခြေအနေကို People’s Springကသီးခြားအတည်မပြုနိုင်ပါ။
CHU PDF တပ်ခွဲ (၃)မှရဲဘော်များနှင့် MSPDF မှရဲဘော်များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိဟု ချောင်းဦး PDF က ပြောသည်။
ချောင်းဦး PDFသည် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ကိုမကြာခဏတိုက်ခိုက်နေသည်။
ယနေ့ နံနက်မှာပင် ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်းကို PDF လေးဖွဲ့က ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂၉ ဦးသေဆုံးခဲ့ကြောင်း ထိုPDF များကထုတ်ပြန်သည်။
