တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကမ်းနားဈေးတွင် အသက် ၆၀ အရွယ် ဒူးရင်းသီးသည်အမျိုးသမီးတစ်ဦးကိုစွန်ရဲအဖွဲ့(သွေးသောက်ကဲ့သို့သောအဖွဲ့) က မေလ ၂၄ ရက်တွင်သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
အသတ်ခံရသည့် ဒေါ်ညွန့်လှိုင်သည် ကမ်းနားဈေး အနောက်ဘက်ခြမ်းတွင် ဒူးရင်းသီးပေါ်ချိန်တွင် ဒူးရင်းသီးရောင်းချပြီး ကျန်ချိန်များတွင် ငါးရောင်းနေသည့်ဈေးသည် တစ်ဦးဖြစ်သည်ဟု ဒေသခံများကပြောသည်။
“သူ့သားကို PDF ကလို စွပ်စွဲပြီး လည်ပင်းကို အနောက်က သေပစ်သတ်သွားတာ”ဟု မျက်မြင်သက်သေတစ်ဦးကပြောသည်။
ဒေါ်ညွန့်လှိုင်ကို မေ ၂၄ ရက် မနက် ၉နာရီခန့်က သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
ပစ်ခံရပြီး ဒေါ်ညွန့်လှိုင်သည် ထိုနေရာတွင် သေဆုံးသွားကာ ပစ်ခံရပြီး နာရီဝက်ကြာမှသာ ရဲနှင့် စစ်သားများရောက်လာပြီး ရုပ်အလောင်းကို ဆေးရုံကို သယ်သွားသည်ဟု ဒေသခံများကပြောသည်။
ထိုနောက် ရဲနှင့် စစ်သားများက မြို့ပေါ်နှင့် ကမ်းနားဈေး တဝှိုက်ကို ဟန်ပြစစ်ဆေးပြီး ပြန်လည်ထွက်ခွာသွားသည်ဟု မျက်မြက်သက်သေများကပြောသည်။
အာဏာသိမ်းစစ်ကောင်စီ၏ နောက်ခံဖြင့်သွေးသောက်၊စွန်းရဲ အဖွဲ့များသည် NLD ပါတီဝင်များ ၊ ပါတီထောက်ခံသူများ နှင့်စစ်ကောင်စီ ဆန်ကျင်သူများကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်လာသောအဖွဲ့ဖြစ်သည်။ ထိုအဖွဲ့က လုပ်ကြံသတ်ဖြတ်မှု ဆယ်နှင့်ချီ၍ ရှိနေသော်လည်း စစ်ကောင်စီက ထိုအဖွဲ့များကို အရေးယူခြင်းတစ်ခုမျှမရှိပေ။
