စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် မေလ ၂၄ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ သုံးကြိမ်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိပြီး ပြည်သူ့ကာကွယ်ရေးနပ်မှ ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ကြောင်း (MMUPDF) က ပြောသည်။
မေလ ၂၄ရက် နံနက် ၄နာရီခွဲခန့်က မြင်းမူမြို့နယ် အင်းမကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့်အကြမ်းဖက်စစ်တပ်ထံ ထပ်မံအင်အားလာဖြည့်သည့် စစ်တပ်ယာဥ်များအား ကန်ဖျားကျေးရွာအဝင်တွင် MMUPDF နှင့်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီးထိမှန်ခဲ့သည်။
ထို့အပြင် အင်းမကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်း ဖက်စစ်သား ၄၀ခန့်မှာ ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်အကြမ်းဖက်ပြီး အနီးရှိတောများသို့ တောနင်းနေစဥ် ကင်းစောင့်နေသော ပြည်သူ့ရဲဘော်များနှင့်ထိတွေ့မှုဖြစ်ရာ ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း MMUPDF က ပြောသည်။
နံနက် ၁၁နာရီခန့်တွင် MMUPDF ဦးဆောင်၍ Black Eagle Defence Force-MMU နှင့် People Guerillas Commando-Myinmuမှ ရဲဘော်များက ဂုန်ညင်းစိတ်ကျေးရွာနှင့် ကန်ဖျားဇရပ်ကြားတွင် ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးကြောင်း MMUPDF က ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် မိုင်းကွင်းပေါ်သို့ ခြေလျင်လျှောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းထိသွားခဲ့ပြီး ၉ဦးခန့်ဆေးရုံရောက်သွားကြောင်း၊ ယမန်နေ့ (မေလ ၂၅ ရက်)တွင် ဆေးရုံရောက်သူများအနက် အကြမ်းဖက်စစ်သားအချို့ သေဆုံးကြောင်း MMU PDFက ပြောသည်။
မေလ ၂၄ ရက် ညနေ ၃ နာရီခန့်တွင်လည်း တိုက်ပွဲထပ်မံဖြစ်ပွားရာ ဂုန်ညင်းစိတ်နှင့် ကန်ဖျားကျေးရွာကြား ပြန်ထွက်လာသော အကြမ်းဖက်စစ်တပ်အား တတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားဘေးမှခြေလျင်လျှောက်လာသော စစ်သား ၆ဦး နေရာတွင် လဲကျသွားကာ အပြင်းအထန်ဒဏ်ရာရသွားသည်ဟု MMU PDFကဆိုသည်။
အထက်ပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ MMUPDF ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိသည်။
မေလ ၉ရက် နံနက်ပိုင်းက မြင်းမူမြို့နယ်မှ Black Eagle Defence Force – MMU (မြင်းမူ လင်းယုန်နက် ကာကွယ်ရေးတပ်ဖွဲ့)၏ PDF စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ရာ တပ်ဖွဲ့ဝင် ၈ဦး သေဆုံးခဲ့သည်။
