စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီကိုတိုက်ခိုက်နေသည့် အနက်ရောင်စစ်ဆင်ရေး အရှိန်မြှင့်မည်ဖြစ်၍ ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်ကြရန် မြို့ပြပြောက်ကျားအဖွဲ့ ၉ ဖွဲ့က သတိပေးသည်။

ယနေ့ မေလ၂၅ ရက်နေ့မှစ၍ အနက်ရောင်စစ်ဆင်ရေးအရှိန်မြှင့်မည်ဟု မုံရွာအခြေစိုက် ဒေသတွင်း ပြောက်ကျားအဖွဲ့များက ပြောသည်။ ထို့ကြောင့် အရေးကြီးကိစ္စမရှိဘဲ အပြင်မထွက်ရန်၊ အကြမ်းဖက်စစ်တပ်များရှိရာနေရာများသို့ ဖြတ်သန်းသွားလာခြင်းမပြုရန်၊ ကားမှန်ချမောင်းနှင်ရန် ၎င်းတို့က သတိပေးသည်။
စစ်ဆင်ရေးများကိုသာ အဓိကထား၍ လုပ်ဆောင်မည်ဖြစ်သောကြောင့်ကြေညာချက်ကို လိုက်နာပေးရန် မြို့ပြပြောက်ကျားအဖွဲ့များက မေတ္တာရပ်ခံသည်။
စစ်ကောင်စီက ယမန်နေ့က မုံရွာမြို့တွင်လည်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများအားလုံးကို နံနက် ၇ နာရီမှစတင်ကာ ၆ နာရီကြာ ပိတ်ထားခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ပြန်ဖွင့်ပေးခဲ့သည်။
