တပ်ကြပ်ကြီးတစ်ဦးသေပြီး နှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိဟု စစ်ဆင်ရေးဦးဆောင်သူပြော
“နန်းထိုက်အောင်စစ်ဆင်ရေး”၏ စစ်ရေးပစ်မှတ်အဖြစ် မွန်ပြည်နယ် သိမ်ဇရပ်အခြေစိုက် တပ်မ(၄၄)လက်အောက်ခံ ခမရ(၂၀၇)အား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးသေကာ နှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိကြောင်း အဆိုပါစစ်ဆင်ရေးဦးဆောင်သူက People’s Springသို့ ပြောသည်။
ယနေ့ (မေ ၂၄ ရက်) နံနက် ၃နာရီခွဲခန့်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ PDF နှင့်ပကဖ တော်လှန်ရေးအင်အားစုများ ပူးပေါင်းအဖွဲ့မှ အဆင့်မြင့်နည်းပညာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ ထပ်တိုက်လို့ရတဲ့အခွင့်အရေးတွေရှိပေမယ့် တပ်ရင်းက မိသားစုတွေကို လူကိုလူလိုမြင်တတ်တဲ့ စိတ်နဲ့အပြစ်မရှိတဲ့ မိသားစုဝင်တွေအတွက် ငဲ့ညာလိုက်တာပါ။ အကြမ်းဖက်စစ်ကောင်စီအောက်က ရုန်းထွက်ချင်ကြတဲ့သူတွေ ကျိုက်ထိုတော်လှန်ရေးအင်အားစုနဲ့ အမြန်ဆုံးဆက်သွယ်ဖို့ အသိပေးထားပါတယ်။ နောက်တစ်ကြိမ်ဆိုရင်တော့ စကစနဲ့ပတ်သက်သူမှန်သမျှ ဘယ်သူ့ကိုမှသက်ညှာတော့မှာမဟုတ်ဘဲ တိုက်ခိုက်ချေမှုန်းသွားပါ့မယ်”လို့ စစ်ဆင်ရေးမှာဦးဆောင်ပါဝင်ခဲသူက ရှင်းပြသည်။
ထို့အတူ တပြိုင်နက်တည်းမှာပင် သိမ်ဇရပ်မြို့မရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုကို အသေးစိပ်စုံစမ်းဆဲဟု အသိပေးသည်။
“အဆင့်မြင့်နည်းပညာနဲ့ပတ်သက်လို့ လောလော ဆယ်ပြောလို့ မရသေးတဲ့ လျှို့ဝှက် အခြေ အနေ ဖြစ်နေပါသေးတယ်။သေတာ၊ဒဏ်ရာရတာတွေကတော့ ကျိန်းသေတယ်”ဟု စစ်ဆင်ရေးတွင်ပါဝင်သူက People’s Springသို့ ပြောသည်။
စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အချိန်မီနှုတ်ထွက်နှင့် လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် ဒေါက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဟုလည်း စစ်ဆင်ရေးတွင်ပါဝင်သည့် ကျိုက်ထိုတော်လှန်ရေးအင်အားစုက သီးခြားထုတ်ပြန်ထားသည်။
ယမန်နေ့ကလည်း ပဲခူးတိုင်း၊သာယာဝတီမြို့တွင် “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ် “တပ်မ (၆၆) ၏ ခလရ (၃၅)တပ်ရင်းသို့ ဆန်ရိက္ခာများထောက် ပံ့ပေးနေသောဆန်စက်အား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးတာဝန်ခံက People’s Springသို့ ပြောထားသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဆန်စက်ပိုင်ရှင်၏ အိမ်စီးကားနှင့် ကုန်ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့သည်။
လက်ရှိတွင်”နန်းထိုက်အောင်မြို့ပြစစ်ဆင် ရေး”မှာ ရန်ကုန်တွင်သာမက ပဲခူးတိုင်းနှင့် မွန်ပြည် နယ်အတွင်း၌ပါ ဆောင်ရွက်နေခြင်းဖြစ်သည်။
ထို့အပြင် စစ်ဆင်ရေးတစ်လအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် မေလ၈ ရက်က တစ်လပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။
