စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မိုးကောင်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။
ယမန်နေ့(မေလ ၂၂ ရက်)ည ၇နာရီခန့်က မိုးကောင်းကျေးရွာတွင် တပ်စွဲထားသော အင်အားတစ်ရာခန့်ရှိမည့် အကြမ်းဖက်စစ်တပ်အား အမျိုးသားတော်လှန်ရေး ပြောက်ကျားတပ်ရင်း(NRG)၊ ဗိုလ်မီးတောက်(WG)၊ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
၁နာရီခန့်ကြာအောင် ရှော့တိုက်ဒုံး၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးမှုများနိုင်ကြောင်း ၎င်းအဖွဲ့များက ပြောသည်။
ယနေ့ (မေလ ၂၃ရက်) နံနက်ပိုင်းတွင်လည်း ယမန်နေ့ညက အဖွဲ့များမဟုတ်ဘဲ အခြားအဖွဲ့များက မိုးကောင်းရွာရှိ အကြမ်းဖက်စစ်တပ်အား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အကြမ်းဖက်စစ်တပ်မှအရာရှိတစ်ဦးနှင့် စစ်ကောင်စီတပ်သားလေးဦးသေဆုံးသွားပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် မိုးကောင်းရွာအတွင်းရှိ နေအိမ် ၂၀ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ယနေ့ စစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း-(၂) တပ်ခွဲ(၁)၊ မုံရွာခရိုင် တပ်ရင်း(၃)၊ တပ်ခွဲ(၁)၊ မုံရွာခရိုင်တပ်ရင်း – (၄)နှင့် အမိမြေတော်လှန်ရေးတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂)၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃)၊ Yoma Fighter PDF၊ KUG ကိုယ်စားပြု GYZ တပ်ဖွဲ့၊ ဆားလင်းကြီး PDFအဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
