စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အများပြည်သူထံမှ ပစ္စည်းများ လုယက်ခိုးယူလာသော ပျူစောထီးအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်ဝင်လင်းယုန်တပ်ဖွဲ့က ယနေ့(မေ ၂၃) ထုတ်ပြန်သည်။
ယနေ့နံနက် ၉နာရီခွဲတွင် ပုလဲမြို့နယ် သာယာကုန်းရွာပြည်သူများထံမှ ဆိုင်ကယ်နှစ်စီ၊ စက်ဘီးတစ်စီး၊ ဆန်၊ ဆီ၊ ဒီဇယ်နှင့် ကလေးကစားစရာများပါ လုယက်လာသော အင်းမထီးရွာမှပျူစောထီးအဖွဲ့ကို ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
တိုက်ခိုက်ခံရမှုကြောင့် ပျူစောထီးအဖွဲ့မှ အထိနာပြီး ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အသေအပျောက်စာရင်းအား အတည်မပြုနိုင်သေးဟု ဆိုသည်။
ထို့အပြင် ပျူစောထီးများလုယက်လာသောပစ္စည်းများကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ကာယကံရှင်ပြည်သူများထံ ပြန်လည်အပ်နှံပေးနိုင်ခဲ့ကြောင်း ဖော်ပြသည်။
အထက်ပါတိုက်ခိုက်မှုကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၁(Royal Eagle Squadron၊ပုံတောင်Tiger တပ်ခွဲ၊ တောင်ပေါ်ပုဏ္ဏကတပ်ခွဲ) ၊ တပ်ရင်း-၂၊ တပ်ရင်း-၆(Guerilla Ranger)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပျောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
