စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ငါးရက်အတွင်း ဒေသခံပြည်သူ ခြောက်ဦးသေဆုံးပြီး ကျေးရွာ ၅ရွာမှ နေအိမ် ၁၅၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်တပ်သည် ယခုမေလ ၁၉ရက်မှစတင်ကာ စစ်ကြောင်းထိုးမီးရှို့မှုများ ပြုလုပ်ခဲ့သည်။


မေလ ၁၉ ရက်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပေါက်သာကျေးရွာမှ ပြည်သူ ငါးဦး၊ သရက်တောကျေးရွာမှ ပြည်သူ တစ်ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး ငါး ဦးသေဆုံးခဲ့ကြောင်း၊ ခွင့်တောင်းကျေးရွာမှ ပြည်သူတစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ထိုနေ့တွင်ပင် သရက်တောကျေးရွာရှိ နေအိမ် ၂၂လုံး၊ ခွင့်တောင်းကျေးရွာရှိ နေအိမ် ၃ လုံး၊ မေလ ၂၀ရက်တွင် ပင်စည်ကျေးရွာ ၃၉ လုံး၊၂၂ ရက်တွင် နဂါးတွင်းကျေးရွာ ၄၅ လုံး၊ ၂၃ ရက်တွင် အင်ပင်-ယဒင် ကျေးရွာနေအိမ် ၄၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။


ထို့အပြင် ငါးရက်အတွင်းကျေးရွာ (၅)ရွာမှ ပြည်သူ့နေအိမ် ၁၅၀ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။
ဒီပဲယင်းမြို့နယ်တွင် ယခုနှစ် မတ်လ ၅ ရက်မှ ဧပြီလကုန်အထိ အိမ်ပေါင်း ၁၆၇ အိမ် မီးရှို့ဖျက်ဆီးခံထားရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။
