စစ်ကောင်စီက ထောင်ဒဏ် (၂)နှစ်မတရားချမှတ် ထားသည့် ဒီချုပ်အစိုးရလက်ထက် ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော် ယနေ့ ပြန်လည်လွတ်မြောက်လာခဲ့သည်။
“ဒေါက်တာထွန်းဇော်ပြန်လွတ်မြောက်လာပြီ။ရဲရင့်တဲ့ ဆရာ့အတွက် အရမ်းဂုဏ်ယူပါတယ်”ဟု ဒေါက်တာထွန်းဇော်၏ ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက ပြောသည်။
ဒေါက်တာထွန်းဇော်သည် ယခင်က လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ် အေး(ယခု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာနဝန်ကြီး)နှင့် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် ဌာနဆိုင်ရာလုပ်ငန်းများတွင် အတွဲညီခဲ့သူဖြစ်သည်။
စစ်တပ်ကနိုင်ငံတော် အာဏာသိမ်းပြီး ၁၅ရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၁၅ရက်တွင် ဒေါက်တာထွန်းဇော် ကို ဖမ်းဆီးခဲ့သည်။
ပုဒ်မ ၅၀၅(ဃ)ဖြင့် အမှုဖွင့်တရားစွဲကာ မတ် ၁၈ရက် တွင် ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့သည်။ ယခုအခါ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
ဒေါက်တာထွန်းဇော်တာ၀န်ယူခဲ့သော ပြန်လည် ထူထောင်ရေးဦးစီးဌာ ညွှန်ကြားရေးမှူးချုပ်နေရာကို စစ်တပ်မှ ရောက်ရှ်ိလာသော ဗိုလ်မှူးကြီးဉာဏ်မြင့် အောင်ဆိုသူက ကိုင်တွယ်နေသည်။
ဗိုလ်မှူးကြီးဉာဏ်မြင့်အောင်သည် အကျင့်ပျက်ခြစားသူအဖြစ် ဌာနတွင်း၌ နာမည်ကြီးနေသည်။
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင် ရေး၀န်ကြီးဌာန အောက်တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာအပြင်လူမှု၀န်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ရှိသေးသည်။လူမှု၀န်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်တို့သည် စစ်ကောင်စီခန့်ဝန်ကြီး ဒေါ်သက်သက်ခိုင်၏ လက်အောက်၌ တာဝန်ထမ်းဆောင်နေသည်။
