မေ-၁၇၊၂၀၂၆။သတိုး/People’s Spring
မေလအတွင်းမှာ စစ်တပ်က စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ပြည်သူတွေကို အိမ်ပေါ်အထိတက်ဆွဲတဲ့ ဖြစ်စဉ်တွေ များလာတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN အဖွဲ့ သတင်းတာဝန်ခံကပြောပါတယ်။
“ အခုရက်ထဲလူဆွဲတာတွေတော်တော်များလာပါတယ်။အိမ်ထဲထိစာရင်းနဲ့ဝင်ဆွဲတာတွေ၊ဧည့်စာရင်းကျော်နေလို့ဆိုပြီးဖမ်းတာတွေများလာပါတယ်” လို့ပြောပါတယ်။
မေ ၁၇ညမှာသာကေတမြို့နယ်၊ ၇အနောက်ရပ်ကွက်မှာ ဧည့်စာရင်းဝင်စစ်ပြီး ဧည့်စာရင်းရက်ကျော်တဲ့ အကြောင်းပြချက်နဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ RSN က အသိပေးထားပါတယ်။

Public Service Announcement
အလားတူမြောက်ဥက္ကလာ၊ ည ရပ်ကွက်၊ဘုမ္မာ ၂၀ လမ်းထဲမှာလည်း ယမန်နေ့(မေလ ၁၇ )ည၁၀ နာရီခွဲခန့်မှာ စစ်ကောင်စီလက်အောက်ခံလက်နက်ကိုင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဧည့်စစ်ဝင်စစ်တယ်ဆိုပြီး အမျိုးသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ RSN ကဖော်ပြပါတယ်။ ဒါကြောင့် မေ ၁၇ ည တစ်ရက်တည်းမှာ ရန်ကုန်မှာ အနည်းဆုံး ငါးဦးဖမ်းဆီးခံရတာဖြစ်ပါတယ်။
သာကေတမှာဖမ်းဆီးခံရသူတွေဟာ ပန်းရံ လုပ်တဲ့သူတွေဖြစ်ပြီး ရပ်ကွက်ရုံးမှာ ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
ဒါအပြင် မေ ၁၇ ညမှာပဲ မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက် အလယ်ဗဟိုလမ်းမှာလည်း ဧည့်စာရင်းဝင်စစ်ပြီး သန်းခေါင်းစာရင်းတွေနဲ့ တိုက်စစ်ကာ လူများတဲ့ အခန်းတွေကို ဓာတ်ပုံရိုက်သွားတယ်လို့ RSN က အသိပေးထားပါတယ်။
မေလထဲမှာဒဂုံမြို့သစ်မြောက်ပိုင်း ၊ဒဂုံမြို့သစ်တောင်ပိုင်း နဲ့ သာကေတမြို့နယ်တွေမှာ အထက်ပါအကြောင်းအရင်းတွေနဲ့ ဖမ်းဆီးခံရသူတွေ များတယ်လို့ RSN ရဲ့ သတင်းတာဝန်ခံကပြောပါတယ်။
ပြီးခဲ့တဲ့ရက်က လှိုင်မြို့နယ် မှာလည်း စစ်မှူထမ်းစာရင်းပါလို့ တိုက်ခန်းတွေ ပေါ်အထိတတ်ပြီး လူရှာဖွေတာတွေရှိခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
“ စစ်မှုထမ်းစာရင်းနဲ့လာဆွဲတာလို့ ကြားတယ်။ ပါသွားတယ်၊မပါသွားဘူးကတော့ သေချာမသိရဘူး” လို့ ပြောပါတယ်။
ပြည်သူတွေကို RSN တာဝန်ရှိသူက “ ရပ်ကွက်ထဲ နားစွင့်ထားကြဖို့ နဲ့ တခုခုကြားတာနဲ့ ယာယီရှောင်နေလို့ရအောင် အဆင်သင့်ပြင်ထားကြဖို့ ပြောချင်ပါတယ်ဗျ။” လို့ အကြံပြုပါတယ်။
စစ်တပ်က နိုင်ငံတစ်ဝန်းဆုံးရှုံးထားတဲ့ဒေသတွေကိုစစ်ကြောင်းတွေအများကြီးပို့ပြီး တန်ပြန်ထိုးစစ်ဆင်နေတာမှာ စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေကို ရှေ့ကနေအသေခံ တက်ခိုင်းပြီးတိုက်နေတာကြောင့် ပြည်သူတွေ စစ်သားသစ်စုဆောင်းမခံရအောင် ၊ပေါ်တာဆွဲမခံရအောင် သတိထားပြီး ပါးပါးနပ်နပ်နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်းအကြံပြုထားပါတယ်။


















































