မေ -၁၆၊၂၀၂၆။မိုမို/People’s Spring
တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ စစ်ဆင်ရေးနယ်မြေတွေအတွင်း ဝင်ရောက်လာတဲ့ စစ်တပ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ မဟာမိတ်တွေ အတူ လက်တွဲပြီး စစ်တပ်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်နေတယ်လို့ PDF က ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက် ရုပ်သံဖိုင်မှတ်တမ်းတွေမှာ လမ်းပေါ် မောင်းနေတဲ့ စစ်တပ်ဂျမ်မာတင်ထားတဲ့ ကားနဲ့ စစ်ကားတွေအတွင်းပိုင်းအထိ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ဒါ့အပြင် ရပ်ထားတဲ့ စစ်ကား၊အထိုင်ချထားတဲ့ လက်နက်ကြီးနေရာကိုတိုက်ခိုက်တာ၊စစ်ကောင်စီတပ်သားတွေ အုပ်စုဖွဲ့နေရာ ၊နေအိမ်အတွင်း ခိုအောင်းနေတဲ့စစ်သားတွေ၊သစ်ပင်အောက်နဲ့ ဘန်ကာတွေကြားက စစ်သားတွေကို တိုက်ရိုက်ထိမှန်တာ တွေ့ရပါတယ်။
“ ကျွန်တော်တို့ အလွယ်တကူ ဆုတ်ခွာလိုက်တာ မဟုတ်ဘူး ဆိုတာကို ပြောချင်တယ်။တခြားစစ်ရေးအရ တုံ့ပြန်နေတာတွေလည်း ရှိတယ်” လို့ ထီးချိုင့် မြို့နယ်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက FPV ဒရုန်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။
စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး စစ်တပ်က အဓမ္မစစ်မှုထမ်းခိုင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တွေကို အကာအကွယ်ပြုပြီး စစ်မျက်နှာဖွင့်နေပေမယ့် တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် စစ်တပ်အင်အား အဆမတန် ပြုန်းတီးထိခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က အသိပေးပါတယ်။
ဒါ့အပြင် ပြည်သူတွေ ယုံကြည်အားကိုးရပြီး ကျစ်လျစ်ခိုင်မာတဲ့တပ်မတော်တရပ်ဖြစ်လာစေဖို့ မဆုတ်မနစ် ကြိုးပမ်းတည်ဆောက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မန္တလေးတိုင်းက တကောင်းမြို့ကို ပြီးခဲ့တဲ့ မတ်လမှာ စစ်တပ်ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် တကောင်း-ထီးချိုင့်- အင်းတော်- မော်လူးမြို့လမ်းကြောင်းအတိုင်း စစ်တပ်က လေကြောင်းနဲ့လက်နက်ကြီးပစ်ကူယူပြီး စစ်ကြောင်းတွေ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
https://www.facebook.com/reel/1492084295949776ရုပ်သံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF

















































