စစ်မှုမထမ်းမနေရ ဥပဒေရဲ့ အချက်အလက် အသစ်တွေ ပြင်ဆင်မှုကို ကမ္ဘောဒီးယား လွှတ်တော်က ခြွင်းချက်မရှိ အတည်ပြုလိုက်ပါတယ်။ အဲဒီနောက် ဝန်ကြီးချုပ် ဟွန်မာနတ်က အခုနှစ်ကစပြီး စစ်မှုထမ်းသစ်တွေ ခေါ်ယူသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။
ကမ္ဘောဒီးယားဟာ ၂၀၀၆ ခုနှစ် ကတည်းက စစ်မှုမထမ်းမနေရ ဥပဒေ တစ်ရပ်ကို ရေးဆွဲပြီး လွှတ်တော်ကလည်း အတည်ပြုထားပေမယ့် ဘယ်တုန်းကမှ လက်တွေ့ မကျင့်သုံးခဲ့ပါဘူး။ မေလ ၁၂ ရက်နေ့က ကမ္ဘောဒီးယား လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့တာကတော့ အဲဒီ ဥပဒေဟောင်းကို ပြန်လည် မွမ်းမံထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။
မူလ ဥပဒေမှာ အသက် ၁၈ နှစ်နဲ့ ၃၀ ကြား အမျိုးသားတွေဟာ ၁၈ လ စစ်မှုထမ်းရမယ်လို့ ဖော်ပြထားပေမယ့် ဥပဒေ အသစ်မှာတော့ အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား လူငယ် အမျိုးသားတွေဟာ ၂ နှစ်ကြာ စစ်မှုထမ်းရမယ်လို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ အဲဒီ စစ်သားတွေဟာ စစ်မှုထမ်းကာလ သက်တမ်းစေ့သွားပြီးရင်လည်း အသက် ၄၅ နှစ် ပြည့်ချိန်ထိ အရန်တပ်ဖွဲ့ဝင် အနေနဲ့ သတ်မှတ် ခံထားရမှာ ဖြစ်ပါတယ်။
တကယ်လို့ စစ်မှုမထမ်းမနေရ အမိန့်ကို ရှောင်တိမ်းမယ်ဆိုရင် ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်ခံရမယ်လို့လည်း ဥပဒေက ပြဋ္ဌာန်းထားပါတယ်။ ဒါဟာ မူလ ဥပဒေအဟောင်းမှာ ဖော်ပြထားတဲ့ ပြစ်ဒဏ်ကို နှစ်ဆတိုးလိုက်ခြင်း ဖြစ်ပါတယ်။ တကယ်လို့ စစ်ဖြစ်နေတဲ့ ကာလမှာ အဲဒီလို ရှောင်တိမ်းမှုက အပြစ်ပိုကြီးမှာဖြစ်ပြီး ထောင်ဒဏ် ၅ နှစ်ထိ ချမှတ် ခံရနိုင်ပါတယ်။

Public Service Announcement
စစ်မှုထမ်း ဥပဒေဟာ ပြည်တွင်းမှာ နေထိုင်ပြီး ပတ်စ်ပို့တ်နှစ်ခု ကိုင်ဆောင်ထားတဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေ အပေါ်မှာလည်း သက်ရောက်မှာ ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန် ဓမ္မဆရာတွေနဲ့ မသန်စွမ်းသူတွေကတော့ စစ်မှုထမ်း ဆင့်ခေါ်မှုကနေ ကင်းလွတ်ခွင့် ရမှာပါ။
ပြင်ဆင်ထားတဲ့ ဥပဒေကို ဝန်ကြီးချုပ် ဟွန်မာနတ် အပါအဝင် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ် ၁၁၄ ဦးစလုံးက ခြွင်းချက်မရှိ ထောက်ခံမဲ ပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဟွန်မာနတ်က နိုင်ငံကို ထိထိရောက်ရောက် ကာကွယ်နိုင်မယ့် တပ်အင်အားမျိုး တည်ဆောက်ဖို့ လိုနေပြီ ဖြစ်တဲ့အတွက် စစ်မှုထမ်း ခေါ်ယူမှုတွေကို အခုနှစ်မှာပဲ စတင်လုပ်ဆောင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
မနှစ်တုန်းက အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တဲ့နောက် ကမ္ဘောဒီးယား အစိုးရဟာ စစ်မှုမထမ်း မနေရ ဥပဒေကို လက်တွေ့ကျင့်သုံးဖို့ စိုင်းပြင်းလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အရှေ့တောင်အာရှ ဒေသတွင်း နှစ်နိုင်ငံဟာ နယ်စပ်အငြင်းပွားမှု ပြဿနာတွေ ဆယ်စုနှစ်တွေနဲ့ချီ ရှိနေခဲ့ရာက ပြီးခဲ့တဲ့နှစ်မှာ စစ်ရေးပဋိပက္ခတွေ အဆင့်ထိ ဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။
ဟွန်မာနတ်က နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုဟာ ထင်သာမြင်သာ ခြိမ်းခြောက် ခံလာနေရပြီ ဖြစ်တာကြောင့် စစ်မှုမထမ်းမနေရ ဥပဒေသစ်တစ်ခု အရေးတကြီး လိုအပ်လာကြောင်း လွှတ်တော် အမတ်တွေကို ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယား စစ်တပ်ကို အားသစ်လောင်းပေးမယ့် လူငယ်စစ်သည်တွေ အများအပြား လိုအပ်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား: AFP




















































