close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နိုင်ငံခြားရေးဝန်ကြီး အာဆီယံအစည်းအဝေး တက်ရောက်ခွင့်မရ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့်ရဖွယ် မရှိ

(ဒီနေ့ ညနေပိုင်းမှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအကြို ညစာစားပွဲကို တက်ရောက်လာကြတဲ့ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ စစ်တပ်ခန့် အမြဲတမ်းအတွင်းဝန် ဦးဟောက်ခမ်းဆုမ်(အနီရောင်ဝိုင်းဖြင့် ပြထားသူ)။ ဓာတ်ပုံ - ASEAN)

မေ-၆၊ ၂၀၂၆။ သော်မွန်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ မေလ ၆ရက်မှာ စတင်တဲ့ အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မရဘူးလို့ သိရပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလာဇာရိုက ဒီနေ့ညနေပိုင်းမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအကြို ညစာစားပွဲကို တည်ခင်းဧည့်ခံခဲ့ပြီး အဲဒီညစာစားပွဲကို အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခမ်းဆုမ်သာတက်ရောက်တာ တွေ့ရပါတယ်။

အာဆီယံက မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို ဆက်လက်ကိုင်စွဲထားပြီး အဲဒီဘုံသဘောတူညီချက် ၅ရပ်ကို အာဏာသိမ်းစစ်တပ်က ထိထိရောက်ရောက်အကောင်အထည် မဖော်မချင်း စစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပေးတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း အပါအဝင် နိုင်ငံအနည်းငယ်ရဲ့ အသိအမှတ်ပြုမှုနဲ့ ရွေးကောက်ပွဲကျင်းပကာ စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ကတဆင့် သမ္မတအဖြစ် စစ်ဝတ်စုံကနေ အရပ်ဝတ်လဲခဲ့ပေမယ့် အာဆီယံက အခုထိ အသိအမှတ်မပြုသေးပါဘူး။

ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို အာဆီယံအနေနဲ့ အသိအမှတ်ပြု၊ မပြုကိစ္စဟာ အဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီချက် မရသေးဘူးလို့ ရှင်းလင်းပြောကြားထားပါတယ်။

ဒီအခြေအနေတွေကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း သူတက်ချင်နေတဲ့ အာဆီယံထိပ်သီးညီလာခံတက်ရောက်ဖို့ သေချာမှု မရှိဘဲ တက်ရောက်ခွင့်ရမယ့် အရိပ်အယောင်အခုထိ မတွေ့ရသေးဘူးလို့ လေ့လာစောင့်ကြည့်သူတချို့က မှတ်ချက်ပြုထားပါတယ်။

၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ် လာပူလာပူမြို့မှာ မေလ ၆ရက်ကနေ ၈ ရက်အထိ ကျင်းပမှာ ဖြစ်ပြီး အာဆီယံခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ထိပ်သီးညီလာခံကိုတော့ မေလ ၈ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင် အစိုးရကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဏာသိမ်း မြန်မာစစ်တပ်ကို ဒီနေ့ပဲ တိုက်တွန်း တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံခွင့်ရမယ်ဆိုရင် အစုအဖွဲ့ပေါင်းစုံပါဝင်တဲ့ အမျိုးသားရင်ကြားစေ့ရေး ဆွေးနွေးမှုတွေ ဖြစ်မြောက်လာအောင် အထောက်အပံ့ဖြစ်စေနိုင်ကြောင်းနဲ့ အခုလို လုပ်ငန်းစဉ်မျိုးတွေဟာ မြန်မာနိုင်ငံရဲ့ ရေရှည် တည်ငြိမ်ရေးအတွက် လိုအပ်တဲ့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အရေးပါတဲ့ ခြေလှမ်းတွေ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ကောက်ကျစ်တဲ့နည်းလမ်းတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချီရေးနည်းလမ်းတွေ ပိုအသုံးပြုလာမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) ဗဟိုကော်မတီဝင်၊ အတွင်းရေးမှူး (၁)ရဲဘော်ဒါမိုးက သတိပေးပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို စစ်တပ်ကစစ်​ကြောင်း​တွေထိုးဆက်တိုက်မီးရှို့နေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီထွက်​ပြေးတိမ်း​ရှောင်နေရပြီး အရေးပါ်အကူအညီ တွေလည်း လိုအပ် နေတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ သထုံခရိုင်၊ ဘီးလင်းမြို့နယ်က ဝင်းတာပန်တပ်စခန်းကို စစ်တပ်က လေယာဉ်နဲ့ အထုပ်တွေ ချပေးခဲ့တယ်လို့ KNUသထုံခရိုင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့စစ်တပ် တိုက်ခိုက်ခံရလို့ အထိနာပြီးရပ်တန့်နေတယ်လို့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။

Facebook