မေ -၆၊၂၀၂၆။မိုမို၊ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့စစ်တပ် တိုက်ခိုက်ခံရလို့ အထိနာပြီးရပ်တန့်နေတယ်လို့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။
ရွှေကူမြို့နယ်ရဲ့ အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ အမှတ်(၁၂၁)ခြေလျင်တပ်ရင်း (ခလရ-၁၂၁) အခြေစိုက် ငအိုးကျေးရွာကနေ စစ်တပ်က စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
“ ကျွန်တော်တို့လှုပ်ရှားစစ်ကြောင်းကတော့ တိုက်နေတယ်။အဓိကကတော့ သူတို့တွေကို နယ်မြေထဲအဝင်မခံ နိုင်တာပဲ။ရွှေကူဘက်ကနေ ကချင်ပြည်နယ်ထဲဝင်လာဖို့ ကြိုစားတဲ့စစ်ကြောင်းတွေတော့ရှေ့မတိုးနိုင်ပဲရပ်တန့်နေတယ်” လို့ ရွှေကူKPDF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ရွှေကူမြို့နယ် ငါးအိုးဒေသနဲ့ ရွှေကူမြို့အကြား တိုက်ပွဲ ဖြစ်ခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ရွှေကူဘက် ငါးအိုးဘက်က စခတွေ ထိုးစစ်ဆင်လာလို့ ငါးအိုးနဲ့ ရွှေကူကြား တိုက်ပွဲနေတိုင်းပြင်းထန်တယ်။ မနေ့ကတော့ တော်တော်ပြင်းထန်တယ်။ စခတွေဘက် ထိခိုက်မှုများတယ်။” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခု မေလဆန်းပိုင်းကတည်းက ရွှေကူမြို့နယ်ကို စစ်ရေးအရ အသားစီးရယူဖို့ စစ်တပ်ကကြိုးပမ်းနေတာဖြစ်ပြီး နှစ်ဖက်ထိတွေ့မှုတွေမှာ စစ်တပ်က ထိခိုက်သေဆုံးမှုရှိနေတယ်လို့ သိရပါတယ်။
“ ငအိုး-ရွှေကူလမ်းပိုင်းကနေ စစ်ကြောင်းထိုးနေတာ။ငအိုးဘက်ခြမ်းမှာဘဲ ရှိသေးတယ်။ရွှေကူထဲ ဝင်ဖို့ ကြိုးစားနေတာပေါ့။စစ်တပ်ဘက်က ထိခိုက်သေဆုံးတာရှိတယ်လို့ ကြားရတယ်” လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က အင်အားထောင်ချီစုဖွဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေဆက်ပြင်းထန်နိုင်တယ်လို့လည်းအသိပေးပါတယ်။စစ်တပ်က ရွှေကူမြို့ကတဆင့် ဗန်းမော်မြို့ကို စစ်ကူပို့ဖို့လုပ်ဆောင်နေတာလို့ သုံးသပ်မှုတွေရှိပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက၂၀၂၄ ခုနှစ်ဒီဇင်ဘာမှာဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို စတင်ခဲ့ရာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်တပ်ရဲ့ တပ်ရင်းဌာနချုပ်တွေအပါအဝင် စခန်းနဲ့ တပ်စွဲရာ နေရာအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ လက်ကျန်တပ်စခန်းတွေ သိမ်းပိုက်နိုင်ဖို့ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။
KIAအတူစစ်တပ်ကိုတိုက်ခိုက်နေတဲ့ရွှေကူ KPDFကလည်း လတ်တလော စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူထံပန်ကြားချက်ကို မေလ ၄ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။
စစ်တပ်စစ်ကြောင်းတွေ၊ ဂိတ်တွေ၊ ကာကင်းစခန်းတွေနဲ့ အနီးသွားလာနေထိုင်တာမလုပ်ဖို့ ရှောင်ရှားနေဖို့ အပါအဝင်စစ်တပ်စစ်ကြောင်းတွေ ၊ လက်နက် ခဲယမ်းတွေ၊ ရိက္ခာတွေကို သယ်ယူပို့ဆောင်တာ မလုပ်ဖို့လည်း KPDFက သတိပေးထားပါတယ်။
ဒါ့အပြင် မဘိမ်း-မြစ်ဆုံ၊ ငါးအိုး-ရွှေကူ နယ်မြေတွေမှာ ဆူညံတဲ့အသံကျယ်လောင်မှုတွေ ထွက်ပေါ်နိုင်တဲ့ စက်ယန္တရားအသုံးပြု လုပ်ငန်းတွေကို ညနေ (၆)နာရီကနေ မနက်(၉)နာရီအထိ ရပ်နားထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
မြို့ပေါ်နဲ့ အနီးတဝိုက်ဒေသတွေကိုပဲ ထိန်းချုပ်ထားနိုင်တဲ့ စစ်တပ်ကလည်း ရွှေကူမြို့နယ်ကို အရေးပေါ် အခြေအနေကြေညာထားပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ ရွှေကူနယ်မှာထိုးစစ်ဆင်နေသလို KIAသိမ်းထားတဲ့ ရှမ်းမြောက်က မဘိမ်းမြို့ကို ပြန်ထိန်းချုပ်ဖို့လည်း မိုးမိတ်မြို့ဘက်မှာ တပ်အင်အားတွေ စုစည်းစစ်ပြင်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။




















































