ဧပြီ – ၃၀၊ ၂၀၂၆။ဟာနာဆန်၊တာရာ/People’s Spring
အာဏာသိမ်းစစ်တပ်က ဒီကနေ့ကဆုန်လပြည့်နေ့မှာ အကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပေမဲ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပါဝင်လာခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁,၅၀၈ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် အခုမနက်ပိုင်းအထိ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဥ်းသား ပါဝင်လာခြင်းမရှိသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

Public Service Announcement
“ ဒီကနေ့မနက် ၁၁ နာရီ ၄၅ မိနစ်အထိ ကျွန်တော်တို့ စာရင်းကောက်ယူချက်အရ နိုင်ငံရေးအကျဥ်းသား ပါဝင်တာကိုတော့ မတွေ့ရသေးပါဘူး။ ဒီတခေါက်လွတ်ငြိမ်းမှာ လွတ်လာတဲ့ အခြားအမှုတွေကိုယ်တိုင်ကိုက ပြောတယ်။ ဒီတခေါက်လွတ်ငြိမ်းက အခြားအမှုတွေကို လွှတ်ပေးတဲ့လွတ်ငြိမ်းဖြစ်တယ်လို့ သိရပါတယ်” လို့ မရောင်နီလင်းက ဆိုပါတယ်။
သို့သော် နိုင်ငံတဝန်းက အကျဥ်းထောင်တွေရှေ့မှာတော့ နိုင်ကျဥ်းမိသားစုဝင်တွေဟာ မျှော်လင့်တကြီးနဲ့ လာရောက်စောင့်ဆိုင်းနေကြကြောင်း နိုင်ငံရေးအကျဥ်းသား အသိုင်းအဝိုင်းက ပြောပါတယ်။
“ ပခုက္ကူလည်း သုံးလေးယောက်ပဲလွှတ်တာ။ နိုင်ကျဥ်းမပါဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ လူသိများ ထင်ရှားသူ အနုပညာရှင်တွေထဲက ဒါရိုက်တာအောင်ချမ်းလူနဲ့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်တို့ ပြန်လည်လွတ်မြောက်လာတယ်လို့ အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။
ယခုတစ်ကြိမ်လွတ်ငြိမ်းမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်မှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးအကျဉ်းချခံရတဲ့ နိုင်ကျဥ်းတွေမပါဝင်ဘဲ ရာဇဝတ်ပုဒ်မတွေနဲ့ ထောင်ချထားသူအများစုသာပါဝင်လာတာတွေ့ရပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အကျဉ်းသား၊သူ ၁၅၀၈ ဦးကို လွတ်ငြိမ်းခွင့်ပြုမယ်လို့ စစ်ကောင်စီက ဒီကနေ့မှာကြေညာခဲ့ပြီး အင်းစိန်အကျဥ်းထောင်ကနေ အကျဉ်းသား၊သူ ၉၀၀ ကျော်ကို လွှတ်ပေးခဲ့ပါတယ်။
” နိုင်ကျဥ်းတွေတစ်ယောက်မှမပါဘူး။ အခုလွတ်တဲ့သူတော်တော်များများက လောင်းကစားမှုတွေ၊ ခိုးမှုတွေများတယ်။ ပြီးတော့လွတ်ရက်စေ့တွေများတယ်” လို့ ထောင်ရှေ့လာရောက်စောင့်ဆိုင်းသူတစ်ဦးကပြောပါတယ်။
ဒီကနေ့ လွှတ်ပေးတဲ့ အကျဉ်းသား ၁,၅၀၈ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွှတ်ပေးတာဖြစ်ပြီး “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုလျှော့ပေါ့ပေးလိုက်တဲပြစ်ဒဏ်တွေကိုပါ ပေါင်းစပ်ကျခံရမယ်” ဆိုတဲ့ စည်းကမ်းချက်နဲ့ လွတ်ငြိမ်းခွင့်ပြုခဲ့တာဖြစ်ကြောင်း စစ်တပ်က အသိပေးထားပါတယ်။
ကျန်တဲ့ အကျဉ်းသားတွေကိုလည်း၂၀၂၆ ဧပြီ ၃၀ ရက် မတိုင်မီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေဆိုရင် ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေထဲက ၆ ပုံ ၁ ပုံ ကို လွတ် ငြိမ်းသက်သာခွင့်ပြုတယ်လို့ ကြေညာထားပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းတုန်းကလည်း အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ ကျော်သာ ပါဝင်ကြောင်း PPNMက သတင်းထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လက်ရှိအကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးခံထားရတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ အပြစ်မဲ့ပြည်သူ အမြောက်အမြား ကျန်ရှိနေသေးပြီး စစ်အုပ်စုက ၎င်းတို့ရဲ့ နိုင်ငံရေးအမြတ်ထုတ်မှုအတွက် အကျဉ်းသားလွှတ်ပေးခြင်းကို ပုံဖော်နေခြင်းအပေါ် တော်လှန်ရေးအင်အားစုတွေက စောင့်ကြည့်နေကြပါတယ်။






















































