close
Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုကို အာဆီယံက အသိအမှတ်မပြုဖို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၀၁ ဖွဲ့ တောင်းဆို

“မြန်မာနိုင်ငံ ပြဿနာကို မဖြေရှင်းနိုင်သမျှ အာဆီယံသည် သူတို့ မျှော်မှန်းနေတဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေး ဆိုတာတွေက ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး” – ဒေါ်ခင်ဥမ္မာ (Progressive Voice)

(၂၀၂၆ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာကို တွေ့ရစဥ်။ ဓာတ်ပုံ - GOVPH)

“မြန်မာနိုင်ငံ ပြဿနာကို မဖြေရှင်းနိုင်သမျှ အာဆီယံသည် သူတို့ မျှော်မှန်းနေတဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေး ဆိုတာတွေက ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး” – ဒေါ်ခင်ဥမ္မာ (Progressive Voice)

ဧပြီ-၂၉၊ ၂၀၂၆။ People’s Spring

စစ်အုပ်စုရဲ့ တရားမဝင် နိုင်ငံရေးယန္တရားနဲ့ အစုအဖွဲ့အမျိုးမျိုကို အသိအမှတ်မပြုဖို့ ပြည်တွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၂၀၁ ဖွဲ့က အာဆီယံခေါင်းဆောင်တွေဆီ တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ဖို့နဲ့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ စတင်လက်တွေ့ အကောင် အထည်ဖော်ဖို့ အာဆီယံခေါင်းဆောင်တွေဆီကို အထက်ပါအရပ်ဘက်လူထုအဖွဲ့အစည်း ၂၀၁ဖွဲ့က ပူးတွဲလက်မှတ်ရေးထိုးပြီး အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်တာပါ။

Public Service Announcement

Public Service Announcement

အရပ်ဘက်လူထုအဖွဲ့အစည်းတွေက အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ တရားမဝင် နိုင်ငံရေးယန္တရားနဲ့ အစုအဖွဲ့အမျိုးမျိုးကို အသိအမှတ်မပြုဖို့ အချက်အပါအဝင် အချက် ငါးချက်ကို လက်တွေ့လုပ်ဆောင်ချက်များအဖြစ် အရေးပေါ်ဆောင်ရွက်ဖို့ ပိုမိုအရေးတကြီးလိုအပ်နေတယ်လို့ ထောက်ပြတောင်းဆိုပါတယ်။ ကျန် တောင်းဆိုချက် လေးချက်မှာ ဒေသခံတွေ ဦးဆောင်တဲ့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီပေးရေး ယန္တရားများကို ပံ့ပိုးကူညီခြင်း၊ လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းများ စီးဆင်းမှုကို တားဆီးဖို့ အရေးပေါ်အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ တာဝန်ယူမှု တာဝန်ခံမှု ယန္တရားများကို ပံ့ပိုးကူညီခြင်းနဲ့ အားလုံးပါဝင်မှုရှိသော တရားဝင် နိုင်ငံရေးဖြစ်စဉ်ကို အားပေးပံ့ပိုးခြင်းတို့ဖြစ်ပါတယ်။

“အဓိက,က ၂၀၂၆က အင်မတန်အရေးကြီးတဲ့ အချိုးအကွေ့ကာလဖြစ်တယ်။ မြန်မာနိုင်ငံအတွက်ရော၊ အာဆီယံရဲ့ အနာဂတ်အတွက်ရော။ ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံ ပြဿနာကို မဖြေရှင်းနိုင်သမျှ အာဆီယံသည် သူတို့ မျှော်မှန်းနေတဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေး ဆိုတာတွေက ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့တဲ့ နိုင်ငံရေးအဖြေတစ်ခု ထွက်မှာပဲ သူတို့လည်း ရှေ့ဆက်လို့ ရမယ်။ အဲ့လိုထွက်ဖို့ဆိုတာလည်း အဓိကသည် မြန်မာနိုင်ငံက ပြည်သူလူထုအပေါ်မှာ အကြမ်းဖက်နေတဲ့ တရားမဝင်စစ်အုပ်စုကို နိုင်ငံတကာဥပဒေတွေအောက်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ဆောင်ဖို့ လိုတယ်။ နောက်ပြီး ဒီစစ်အုပ်စုကို တရားဝင်မှု လုံးဝမပေးဖို့လိုတယ်”လို့ အာဆီယံခေါင်းဆောင်တွေဆီ ပူးတွဲအိမ်ဖွင့်ပေးစာ ပေးပို့တဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Progressive Voice – ရှေ့ပြေးအသံ တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လဟာ ၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းဖို့ ကြိုးပမ်းမှု ဖြစ်ပြီးနောက်ပိုင်း ၅ နှစ်ကျော်အတွင်း အရပ်သား ထိခိုက်သေဆုံးမှုအများဆုံး လတစ်လ ဖြစ်ခဲ့တယ်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။ စစ်အုပ်စုဟာ ၂၀၂၆ ခုနှစ် မတ်လ တစ်လထဲမှာပဲ အရပ်သားပြည်သူ ၅၁၈ ဦးကို အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ဟာ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်မှာလား ဒါမှမဟုတ် ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို လျစ်လျူရှုထားတဲ့ မူဘောင်တစ်ခုကို ဆက်လက် စွဲကိုင်သွားမှာလား ဆိုတာကို ရွေးချယ်မှု ပြုလုပ်ရမယ့် အဆုံးအဖြတ် အခိုက်အတန့်တစ်ခုဖြစ်တယ်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။

အာဆီယံအနေနဲ့ စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကနေ ကိုယ်စားပြုမှု၊ တရားဝင်မှု ရယူဖို့ လုပ်ဆောင်လာတဲ့ စစ်တပ်ရဲ့ လွှတ်တော်အတု၊ အစိုးရအတုနဲ့ ကိုယ့်ကိုယ်ကို သမ္မတတင်လာတဲ့ နိုင်ငံတကာရာဇဝတ်သား မင်းအောင်လှိုင်တို့ကို အသိအမှတ်မပြုဖို့၊ ငြင်းပယ်ဖို့ အရပ်ဘက်လူထုအဖွဲ့အစည်းတွေက တောင်းဆိုထားတယ်လို့ ဒေါ်ခင်ဥမ္မာက ဆက်ပြောပါတယ်။

“အထူးသဖြင့် ဖိလစ်ပိုင်ဆိုရင် သူ့နိုင်ငံက ပြည်သူက ရွေးလိုက်တဲ့ သမ္မတဟောင်းကိုတောင် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို ပြည်သူအပေါ် သူကျူးလွန်ထားတဲ့ သတ်ဖြတ်မှုတွေကြောင့်၊ သူတို့ သမ္မတဟောင်းကိုတောင် သူတို့ ICC ကို ရောက်အောင်ပို့ထားတဲ့နိုင်ငံဖြစ်တယ်။ အဲ့လို နိုင်ငံမျိုးက အာဆီယံမှာ ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေတဲ့အချိန်မှာ ရာဇဝတ်သားမင်းအောင်လှိုင်လိုမျိုး ကိုယ့်ကိုယ့်ကို သမ္မတတက်လုပ်တဲ့ သူမျိုးကို မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအနေနဲ့၊ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်သဖွယ် သူတို့ တရားဝင်မှု ပေးလို့ မရဘူးလေနော်။ အဲဒါကို သူတို့ သေချာနားလည်ဖို့။ ဒါကို လုပ်လို့ မရဘူး။ သူတို့ ဘယ်လိုမှ တရားဝင်မှု ပေးလို့ မရတဲ့ အုပ်စုဖြစ်တယ်ဆိုတာကိုလည်း ကျွန်မတို့က ထပ်ထပ်ပြီး စဥ်ဆက်မပြတ်ပြောနေရတယ်”လို့ ဝါရင့်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

အာဆီယံအနေနဲ့ သူ့ရဲ့ အရေးပါမှုကို ဆက်လက် ထိန်းသိမ်းလိုပါက မြန်မာနိုင်ငံ အကျပ်အတည်းကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မယ့် တာဝန်ယူတာဝန်ခံမှုအပေါ်မှာ အခြေခံတဲ့ လူထုဗဟိုပြု ချဉ်းကပ်မှုလမ်းစဉ်သို့ မဖြစ်မနေ ကူးပြောင်းရမယ်လို့ အထက်ပါအရပ်ဘက်လူထုအဖွဲ့အစည်းတွေက တိုက်တွန်းပါတယ်။

မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သွားမှာလား ဒါမှမဟုတ် မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ်ပါဝင်ဖို့ စွန့်စားမှု ပြုလုပ်သွားမှာလားဆိုတာ အာဆီယံအနေနဲ့ တခုခုကို မဖြစ်မနေ ရွေးချယ်ရလိမ့်မယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ အကျပ်အတည်းကို ကိုင်တွယ်ရာမှာ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်တစ်ခုကို အားပေးထောက်ခံပြီး ကျင့်ဝတ်စံနှုန်းခိုင်မာမှု၊ လူ့အခွင့်အရေးကို အခြေခံမှု၊ အားလုံးပါဝင်မှုနဲ့ တာဝန်ယူမှုတာဝန်ခံမှုရှိသော ချဉ်းကပ်ပုံ နည်းလမ်းတစ်ခုကို ချမှတ်ကျင့်သုံးဖို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကို အရပ်ဘက်လူထုအဖွဲ့အစည်းတွေက တောင်းဆိုကြောင်းနဲ့ အဲဒီ ကြိုးပမ်းအားထုတ်မှုတွေကို အားပေးပံ့ပိုးကူညီဖို့ အသင့်ရှိကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လူစည်ကားတဲ့ ရှီဘူယဘူတာအနီးမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဧပြီ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာစစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဧပြီ ၁၈ရက်ညမှာ ထုတ်ပြန်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုများကို မျက်ကွယ်မပြုကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း

မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်တွေမှာ တန်းစီနေတဲ့ဆိုင်ကယ်တွေကို စစ်အုပ်စုဝင်တွေက ဝင်ရောက်စစ်ဆေးပြီး ဆီဘူးတွေပါရင်သိမ်းကာ ဆီတရားမဝင်သိုလှောင်မှုနဲ့ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။