ဖေဖော်ဝါရီ-၂၀၊၂၀၂၆။တေဇ/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဖေဖော်ဝါရီလအတွင်း စစ်တပ်က လူငယ် ၅၀ကျော် ပေါ်တာဆွဲဖမ်းဆီးထားတယ်လို့ TGI Support Revolution က အသိပေးပါတယ်။
“ ဒီလထဲ တောင်ကြီးမှာ လူငယ်၊ လူလတ်ပ်ိုင်းတွေကို ပေါ်တာဆွဲလို့ ပါကုန်တာ အယောက်ငါးဆယ်ကျော်နေပီ တချို့တွေဆို ရပ်စောက်က ဗထူး စခသင်တန်းကျောင်းကိုတောင် ရောက်ကုန်ပြီတဲ့ “ လို့ TGI Support Revolution က ဖေဖော်ဝါရီ ၁၉ ရက်မှာ ဖော်ပြထားပါတယ်။
ပေါ်တာဆွဲတဲ့နေရာမှာလည်း စစ်တပ်က စစ်မြေပြင်မှာ ကင်းထောက်ဖို့သုံးတဲ့ Droneတွေနဲ့ ရပ်ကွက်တွေထဲမှာ လူနည်းတဲ့နေရာတွေကိုရွေးချယ်ပြီး ၁၅ မိနစ်ခန့်စောင့်ကြည့်ကာ ကားတွေနဲ့ လာဆွဲခေါ်တာမျိုးတွေလုပ်တာလို့လည်း ဆိုပါတယ်။

Public Service Announcement
“ မနေ့(ဖေဖော်ဝါရီ၁၈) ညက ဝါးပြားလမ်းဆုံမှာ ၈ ယောက် ၊မင်္ဂလာရာမကျောင်းတိုက်နားမှာ ၅ ယောက်ပါသွားပြီး အဲ့၅ယောက်ထဲက ၂ယောက်ရဲ့ လုပ်ငန်းရှင်က အကောင်ထဲကဖြစ်နေလို့ တစ်ယောက်ကို သိန်း၅၀ နဲ့ညတွင်းချင်း ပြန်လည်ခေါ်ထုတ်နိုင်ခဲ့တယ်” လို့ TGI Support Revolution ကဖြစ်စဉ်တွေကိုဖော်ပြထားပါတယ်။
ဒါ့အပြင် အရင်ရက်တွေကလည်း ဖမ်းဆီးခံရသူ ၂၀ကျော်ရှိပြီး ချမ်းမြ View Point နဲ့ ရွှေတောင် အနောက်ခြမ်းမှာ ဖမ်းဆီးမှုတွေမပြုလုပ်ခင် Drone ပျံတာတွေ့ရတယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့အတူ ထုတ်ပြန်ထားတာပါ။
“ ရပ်ကွက်ထဲက ပြည်သူအချို့အနေနဲ့ ပေါ်ဆွဲနေတာတွေကို မြင်တွေ့ကြပေမယ့် လာဆွဲတဲ့ စခ ရခ တွေဟာ ခင်ဗျားတို့နဲ့မဆိုင်ဘူး ဝင်မပါနဲ့ ခင်ဗျားတို့ကိုပါ တခါတည်းခေါ်သွားရမလားဆိုပီး ခြိမ်းခြောက်ပြောဆိုကာ နောက်ဆုတ်ခိုင်းပီး မသိသလိုနေဖို့သာ ကြိမ်းမောင်းသွားခဲ့တယ်လို့ သိရပါတယ် ” လို့ TGI Support Revolution က မြေပြင်အခြေအနေကို ရေးသားထားပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး TGI Support Revolution ကို မေးမြန်းဖို့အွန်လိုင်းကနေဆက်သွယ်ပေမယ့် အကြောင်းမပြန်သေးပါဘူး။
“ တောင်ကြီးက local delivery သမားတွေအနေနဲ့ မကြာခင် နေ့တာပြန်ရှည်လာတော့မှာဖြစ်ပေမယ့် ညနေ ၆ခွဲနောက်ပိုင်း ချောင်ကျတဲ့နေရာတွေကနေ မှာတာမျိုးဆို လုံးဝ လုံးဝ သွားမပို့ကြပါနဲ့ ၊ဂရုစိုက်ကြပါ” လို့ သတိပေးထားပါတယ်။
ဒါပေမယ့် တောင်ကြီးဒေသခံတွေကလည်း Drone ပျံတာတွေ့တယ်လို့ မှတ်ချက်ရေးသားထားကြပြီး အချို့ကလည်း ညဘက်တွေ မလုံခြုံတာတော့ အမှန်ဖြစ်ကြောင်း ရေးသားထားကြပါတယ်။

















































