နိုဝင်ဘာ-၇၊ ၂၀၂၅။ ထားမြတ်/People’s Spring
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကို တိုင်ကြားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။
“မည်သူမဆို ပြည်သူလူထုအား အတုအယောင် ရွေးကောက်ပွဲတွင် မဲထွက်ပေးရန်၊ ကြိုတင်မဲပေးရန် တနည်းနည်းဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်း ဖြစ်သလို ဥပဒေနှင့်ငြိစွန်းသော လုပ်ရပ်လည်း ဖြစ်သည်။” ဟု NUG ပြည်ထဲရေးက ထုတ်ပြန်ခဲ့ပြီး မဲပေးဖို့ ခြိမ်းခြောက်အကျပ်ကိုင်တာရှိရင် သက်သေနဲ့တကွ တိုင်ကြားနိုင်တယ်လို့ ဖော်ပြပါတယ်။
ပြစ်မှုထင်ရှားပါက အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကျူးလွန်သူတွေကို ဥပဒေနဲ့အညီထိရောက်စွာ အရေးယူသွားမယ်လို့ အသိပေးထားပြီး တိုင်ကြားနိုင်တဲ့ လင့်ခ်တွေဖြစ်တဲ့ Telegram – https://t.me/publicnugmohai ကို ဖော်ပြထားပါတယ်။ သိလိုတာမေးမြန်း အကြံဉာဏ်ယူနိုင်ကြောင်း အသိပေးထားပြီး မေးမြန်းလိုရင် Telegram – https://t.me/nugpublicaffairsbot သို့ နေ့စဉ် ည ၈နာရီကနေ ၁၀နာရီအထိ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement
“ ပြည်သူကို ဇွတ်အတင်းခြိမ်းခြောက်ပြီးတော့ အကျပ်ကိုင်ပြီးတော့ မဲပေးဖို့ လုပ်ကိုင်ဆောင်ရွက်တာတွေ မှန်သမျှက ရာဇဝတ်မှုဖြစ်တယ် လူ့အခွင့်အရေးချိုးဖောက်မှု နောက်ပြီးတော့ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တာဖြစ်တယ်ပေါ့နော်” လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
ဒါကြောင့် ခြိမ်းခြောက်အကျပ်ကိုင်တာတွေ လုပ်လာရင် ပြည်သူတွေအနေနဲ့ သေချာစွာ မှတ်တမ်းယူထားပြီး တိုင်ကြားဖို့လိုကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။
“ NUG နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတင်မကဘူးအခြားဘယ်နေရာမှာပဲ ရှိနေရှိနေ ဒါတွေက Record အနေနဲ့ရှိနေမှာ ဖြစ်ပြီးတော့ ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
အလားတူ ချင်းပြည်ကောင်စီကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနဲ့ ပြည်သူ့အခွင့်အရေး ကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအမိန်ကြေညာချက်ကို နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဘယ်သူမဆို စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင် ရောက်ယှဉ်ပြိုင်ဖို့ ချင်းလူမျိုးအမည်ခံ နိုင်ငံရေးပါတီ တည်ထောင်တာ၊ ချင်းပြည် (Chinland) အတွင်း ပါတီရုံးဖွင့်လှစ်တာ မပြုလုပ်ရဟု ဖော်ပြပါတယ်။ ယခု လုပ်ထုံးလုပ်နည်း မထုတ်ပြန်မှီကာလတွင် ချင်းလူ မျိုးအမည်ခံ သို့မဟုတ် ချင်းမျိုးနွယ်စုအမည်ခံဖြင့် တည်ထောင်ခဲ့သော နိုင်ငံရေးပါတီတွေဟာလည်း စစ်တပ်ရဲ့ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ထားပါက ယခု လုပ်ထုံးလုပ်နည်း ကြေညာတဲ့ နေ့က စပြီး နိုင်ငံရေးပါတီဖြစ်ခြင်းမှ အလိုအလျောက် ပျက်ပြယ် တယ်လို့ မှတ်ယူရမယ်လို့ တားမြစ်ချက်မှာ ပါရှိပါတယ်။
မည်သူမဆို ချင်းပြည်အတွင်း အတုအယောင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တာ၊ ပါတီရုံးဖွင့်လှစ်တာ မလုပ်ဖို့၊ နိုင်ငံရေးပါတီတစ်ခုခုရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် သော်လည်းကောင်း၊ တသီးပုဂ္ဂလအဖြစ် သော်လည်းကောင်း စစ်တပ်ရွေးကောက်ပွဲကို ဝင်ပြိုင်တာ မလုပ်ဖို့၊ စစ်တပ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာ၊ ဟောပြောတာ၊ စာတမ်းဖြန့်ဝေတာ မလုပ်ဖို့ ချင်းပြည်ကောင်စီက တားမြစ်ထားပါတယ်။
ဒါ့အပြင် လူမှုကွန်ယက်စာမျက်နှာတွေမှာ ချင်းပြည်သူလူထုကို ရည်ရွယ်ပြီး စစ်တပ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရဟုလည်း တားမြစ်ထားပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ စစ်ဘေးရှောင်နေကြသော ချင်းလူမျိုးအရပ်သား ပြည်သူ များကိုဖြစ်စေ၊ချင်းပြည်အတွင်း နေထိုင်လျက်ရှိသော အရပ်သားပြည်သူများကို ဖြစ်စေ အတင်းအဓမ္မ ဆန္ဒမဲပေးစေတာ၊ ခြိမ်းခြောက်တာ မလုပ်လုပ်ဖို့ တားမြစ်ထားသလို စစ်ရှောင်ချင်းပြည်သူတွေနဲ့ ချင်းပြည်မှာနေထိုင်သူတွေ အနေနဲ့ ဆန္ဒမဲပေးခြင်း မပြုလုပ်ရဟု ချင်းပြည်ကောင်စီက တားမြစ်ထားပါတယ်။
ဒါ့အပြင် အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ပေါက်လာတဲ့ ဘယ်အစိုးရ သို့မဟုတ် မည်သည့်ယန္တရားနဲ့မှ ပါဝင်ပတ်သက်တာ၊ ပူးပေါင်းပါဝင်တာ မလုပ်ရဘူးလို့လည်း တားမြစ်ချက်ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲကို လက်မခံကြောင်း အသိပေးထားသလို စစ်တပ်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်တာ၊ အသိအမှတ်ပြုတာ မလုပ်ဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

















































