close
Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့် ဒေသခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်ကိုတရုတ်သေဒဏ်ချ

အာဏာသိမ်း စစ်ကောင်စီရဲ့ မဟာမိတ် ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် အပါအဝင် ပယ်မိသားစုဝင် ငါး ဦးကို တရုတ် တရားရုံးက ဒီနေ့ (နိုဝင်ဘာလ ၄ ရက်)မှာ သေဒဏ် ချမှတ်လိုက်ပါတယ်။

၂၀၂၄ခုနှစ် ၊ဇန်နဝါရီလကုန်ပိုင်းက နေပြည်တော်လေဆိပ်မှာ ပယ်ဆောက်ချိန်ကို စစ်ကောင်စီက တရုတ် ရဲတပ်ဖွဲ့ လက်ထဲ အပ်လိုက်ပုံ ဓာတ်ပုံ - ဆင်ဟွ

နိုဝင်ဘာ – ၄ ၊၂၀၂၅

အာဏာသိမ်း စစ်ကောင်စီရဲ့ မဟာမိတ် ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် အပါအဝင် ပယ်မိသားစုဝင် ငါး ဦးကို တရုတ် တရားရုံးက ဒီနေ့ (နိုဝင်ဘာလ ၄ ရက်)မှာ သေဒဏ် ချမှတ်လိုက်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုန်း ပြည်နယ်ထဲမှာရှိတဲ့ စိန်ကျင့်မြို့ အလတ်တန်း ပြည်သူ့တရားရုံးဟာ ရာဇဝတ်ကြောင်း စွပ်စွဲချက်တွေ ရင်ဆိုင်နေရတဲ့ ပယ်မိသားစုဝင် ငါး ဦးကို နိုဝင်ဘာ ၄ ရက်နေ့မှာ သေဒဏ် စီရင်ချက်တွေ အသီးသီး ချခဲ့တာ ဖြစ်ပါတယ်။

သူတို့နဲ့ ကြံရာပါတွေအဖြစ် စွပ်စွဲခံရသူတွေကိုတော့ ထောင်ဒဏ် နှစ် ၂၀ အပါအဝင် နှစ်ရှည် ထောင်ဒဏ်တွေ နဲ့ ငွေဒဏ်လို သီးခြားပြစ်ဒဏ်တွေပါ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စွဲချက်တင် ခံရသူတွေဟာ ပိုင်ဆိုင်မှုတွေ သိမ်းယူခံရတာ၊ နယ်နှင်ခံရတာမျိုး အခြေအနေတွေနဲ့ပါ ကြုံရမှာဖြစ်ကြောင်း တရားရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားခဲ့ပါတယ်။

ပယ်ဆောက်ချိန် နဲ့ သားဖြစ်သူ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပယ်ရင်ချန်း တို့အတူ ယန်လိကျန်း၊ ဟူရှင်းကျန်း၊ ချန်ကွမ်ယိတို့ ငါး ဦးဟာ သေဒဏ် စီရင်ချက် ချမှတ်ခံရပြီး လီဖုရှူနဲ့ လီရှီဒီဆိုသူ နှစ်ဦးကတော့ ၂ နှစ် ဆိုင်းငံ့ထားတဲ့ သေဒဏ် စီရင်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

တရားရုံးရဲ့ ကြားနာမှုတွေအတွင်း ကိုးကန့်ဒေသက ဒုစရိုက် လုပ်ငန်းတွေကို ပယ်ဆောက်ချိန်၊ ပယ်ယင်ချန်းနဲ့ ပယ်ယင်နန်းတို့က ဦးဆောင်ခဲ့ပြီး အရေးပါတဲ့ အဖွဲ့သားတွေထဲမှာ ဆွေမျိုးသားချင်းတွေ၊ လီဖုရှူနဲ့ လီလွန်ဟွာတို့လို ငယ်သားတွေ ပါဝင်ခဲ့တယ်လို့ ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

မိသားစုပိုင် လက်နက်ကိုင် တပ်အင်အားကို အသုံးပြုပြီး ပယ်မိသားစုဟာ ကိုးကန့်ဒေသမှာ ဖွံ့ဖြိုးရေး စီမံကိန်း နာမည်ခံ ဇုန် ၄၁ ခုကို တည်ဆောက်ပြီး အွန်လိုင်းကနေ ငွေလိမ်တဲ့ ကျားဖြန့် လုပ်ငန်းတွေ၊ တရားမဝင် ကာစီနိုတွေ၊ လူသတ်မှု၊ ပြန်ပေးမှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ တခြား ဒုစရိုက် လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြောင်း၊ သူတို့ရဲ့ ဒုစရိုက် လုပ်ငန်းတွေ လည်ပတ်မှုဟာယွမ် ၂၉ ဘီလီယံဖိုးထိများပြားခဲ့ပြီးတရုတ်နိုင်ငံသား ခြောက် ဦးသေဆုံးခဲ့သလို တစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်စေတဲ့ထိ ဖြစ်ခဲ့ကြောင်း တရားရုံးက ဆိုပါတယ်။

နောက်ပြီး ပယ်ရင်ချန်းဟာ မက်သာမက်ဖက်တမင်း မူးယစ်ဆေးဝါး ၁၁ တန် တရားမဝင် ထုတ်လုပ်မှု၊ မှောင်ခို ရောင်းဝယ်မှုတွေ အတွက်ပါ စွဲချက်တင် ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်တုန်းပြည်နယ်ရဲ့ စိန်ကျင့်မြို့ အလတ်တန်း ပြည်သူ့တရားရုံးဟာ ပယ်ဆောက်ချိန်နဲ့ အပေါင်းအပါတွေကို ပထမဆုံးအကြိမ် ၊ ရုံးချိန်းခေါ်ယူပြီး ကြားနာမှုတွေကို စက်တင်ဘာ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ အသုတ်လိုက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။

သူတို့တွေကို ငွေကြေး လိမ်လည်မှု၊ ကြိုတင်ကြံစည် လူသတ်မှု၊ ရည်ရွယ် ချက်ရှိရှိ နာကျင်စေမှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ တရားမဝင် ကာစီနိုလုပ်ငန်းတွေ လုပ်ဆောင်မှု၊ ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေမှု၊ ဥပဒေမဲ့ ချုပ်နှောင်မှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ မှောင်ခို ရောင်းဝယ်မှုတွေနဲ့ စွဲချက်တင် ခံခဲ့ရတာ ဖြစ်ပါတယ်။

ပယ်ဆောက်ချိန်ကို တရုတ်အစိုးရက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ကျားဖြန့် သံသယမှုနဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီး နောက်ထပ် တစ်လခွဲကျော်လောက် အကြာမှာ စစ်ကောင်စီက သူ့ကို နေပြည်တော်မှာ တရုတ်ဆီ လက်လွှဲပေးခဲ့ပါတယ်။ သူအပါအဝင် ၂၁ ဦးဟာ အခုနှစ် ဇူလိုင်လမှာတော့ တရုတ် အစိုးရရဲ့ စွဲချက်တင်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook