close
Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာနှင့် လူနည်းစုအခွင့်အရေးဆိုင်ရာ အဆိုမူကြမ်းကို စစ်ကောင်စီ၏ မဟာမိတ် ရုရှားက ပြင်ဆင်ချက်အဆိုတင်သွင်း

ရုရှား၏ ပြင်ဆင်ချက်အဆို ရှုံးနိမ့်ပြီး မူလအဆိုမူကြမ်းအတိုင်း ကုလအထွေထွေညီလာခံ အတည်ပြုဆုံးဖြတ်

မတ် ၂၇၊ ၂၀၂၅။ အီယိုရီ/People’s Spring

ရိုဟင်ဂျာများနှင့် အခြားသောလူနည်းစုများ၏ အခွင့်အရေးကာကွယ်နိုင်ရေးဆိုင်ရာ အဆိုမူကြမ်းကို ရုရှားကိုယ်စားလှယ်အဖွဲ့က ပြင်ဆင်ချက်အဆိုများ တင်သွင်းခဲ့သော်လည်း ကုလသမဂ္ဂအထွေထွေညီလာခံက မူလအဆိုမူကြမ်းအတိုင်း အတည်ပြုခဲ့ကြောင်း သိရသည်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် (၆၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး၌ ရိုဟင်ဂျာများနှင့် လူနည်းစုများနှင့်ပတ်သက်သော အဆိုမူကြမ်းတရပ်(“Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar”)ကို တင်သွင်းခဲ့ရာ အာဏာသိမ်းစစ်ကောင်စီ၏ မဟာမိတ် ရုရှားနိုင်ငံက ပြင်ဆင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုမူကြမ်းကို မူလတင်သွင်းထားသည့်အတိုင်း ထောက်ခံမဲ ၁၄၁မဲ၊ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ ၁၀ မဲဖြင့် ကုလအထွေထွေညီလာခံက အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ယနေ့ ထုတ်ပြန်သည်။ ပြင်ဆင်ချက်အဆို တင်သွင်းခဲ့တဲ့ ရုရှားအပါအဝင် အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံရေးကောင်းမွန်သော တရုတ်၊ အိန္ဒိယ၊ ဘီလာရုစ် စသည့် ၁၀ နိုင်ငံက ကြားနေမဲ ပေးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

သံအမတ်ကြီး ဦးကျော်မိုးထွန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က ရုရှားကိုယ်စားလှယ်အဖွဲ့ တင်သွင်းသည့် ပြင်ဆင်ချက်များအား ကန့်ကွက်မဲပေးခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိမှ တင်သွင်းသည့် အဆိုမူကြမ် တခုလုံးကို ထောက်ခံမဲပေး၍ ရပ်တည်ခဲ့ကြောင်း အသိပေးသည်။

ရိုဟင်ဂျာအရေးကိစ္စသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာ၏ တစိတ်ပိုင်းဖြစ်၍ ပြဿနာ၏ ဇစ်မြစ်မှာ စစ်အာဏာရှင်နှင့် ၎င်းတို့ကျင့်သုံးနေသည့် အာဏာရှင်စနစ်ဖြစ်ကြောင်း ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ညီလာခံအစည်းအဝေးသို့ ပြောသည်။

အဆိုပါ ဇစ်မြစ်ကို ဘက်ပေါင်းစုံမှ ကုံလုံပြည့်ဝစွာ ဖြေရှင်းရန် လိုအပ်ကြောင်းကို နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအား ထပ်ဖန် တလဲလဲ အလေးအနက်ထား ပြောကြားခဲ့ကြောင်း သံအမတ်ကြီးက ထပ်မံအသိပေးသည်။

ကမ္ဘာကြီးအနေဖြင့်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ စစ်တပ်မှ အရပ်သား ပြည်သူလူထုအပေါ် ပုံစံအမျိုးမျိုးဖြင့် ရက်စက်ကြမ်းကြုတ်၊ လူမဆန်စွာ ကျူးလွန် နေခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း သံအမတ်ကြီးက ပြောသည်။

စစ်တပ်သည် မတရား စစ်အာဏာသိမ်းမှု မတိုင်မီကတည်းက စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း၊ ၎င်းတို့ ကျူးလွန် သည့် ရုတ်ရင်းကြမ်းတမ်းသော လုပ်ရပ်များသည် ရိုဟင်ဂျာနှင့် အခြားသော လူနည်းစုများ အပါအဝင် မြန်မာပြည်သူအားလုံးအပေါ် သက်ရောက်မှုရှိကြောင်းလည်း သံအမတ်ကြီးက ဆက်ပြောသည်။

ရိုဟင်ဂျာ အရေးကိစ္စသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်၏ ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များအနက် တစ်ခုမျှသာဖြစ်သည်ကို သံအမတ်ကြီးက အလေးထား ပြောကြားသည်။

ထို့အပြင် စစ်တပ်က မြန်မာနိုင်ငံတစ်ဝန်းတွင် ကျူးလွန်နေသည့် လေကြောင်းမှ တိုက်ခိုက်မှုများနှင့် မဆင်မခြင် ဗုံးကြဲတိုက်ခိုက်မှုများကို အပြီးတိုင် မရပ်တန့်နိုင်ပါက ဒုက္ခသည်များ နေရပ် ပြန်လည်သွားရောက်ရေးမှာ ဖြစ်လာနိုင်မည် မဟုတ်ကြောင်း မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂညီလာခံသို့ သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် လူအင်အားနှင့် လက်နက်အင်အားအလွန်အကျွံသုံး၍ မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်ရန် အပြင်းအထန်ပြင်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှမ်းတောင် ဗျူဟာ-၁ တာဝန်ရှိသူက ပြောသည်။

ဆောင်းပါး

ဒီနှစ်ဟာ အာဏာရှင်လက်အောက်မှာ ၅ ကြိမ်မြောက် ကြုံရမယ့်သင်္ကြန်ကာလပါ။ ကိုဗစ်ရောဂါကာလတစ်နှစ်ကိုပါ ထည့်ပေါင်းရင် မြန်မာပြည်သူတွေ သင်္ကြန်စစ်စစ်ကို ဆုံးရှုံးခဲ့တာ ဒီနှစ်နဲ့ဆို ၆ နှစ် ရှိခဲ့ပါပြီ။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ညှိနှိုင်း ဆွေးနွေးမှုတွေမှာ အမေရိကန် အနေနဲ့ ရုရှား တောင်းဆိုသမျှကို အလွယ်တကူ မလိုက်လျောဖို့ မျှော်လင့်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

သတင်း

ဗန်းမော်မြို့ အပြီးသတ်သိမ်းနိုင်ရေး ကြိုးပမ်းနေကြောင်း KIA ထပ်မံ အသိပေး

Facebook