မတ်-၁၉၊၂၀၂၅ ။ကဖေး/People’s Spring
ARSAအဖွဲ့ခေါင်းဆောင်အချို့ကို ဘင်္ဂလားဒေ့ချ်အာဏာပိုင်များက ဖမ်းဆီးလိုက်မှုသည် ဘူးသီးတောင်၊မောင်တောဒေသနှင့် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှဒေသခံများအတွက်အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်စိုးရိမ်မှုများကိုလျော့ကျစေနိုင်ကြောင်းရခိုင်ပြည်နယ်မှဒေသခံများကပြောသည်။
အာဆာအဖွဲ့ခေါင်းဆောင်ဖြစ်သူ အာတာအူလာအဘူအမားဂျွန်နွန်နီအပါအဝင်အဖွဲ့ဝင် ၁၀ ဦးကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက တနင်္လာနေ့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသအခြေစိုက်သတင်းဌာနများက ဖော်ပြထားသည်။ ၎င်းတို့ကို ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနှင့် အကြမ်းဖက်မှုလှုပ်ရှားမှုတို့ကြောင့် ဖမ်းဆီးထားကြောင်းရဲတပ်ဖွဲ့ကထုတ်ဖော်ပြောကြားထားသည်။
မောင်တောဒေသခံတစ်ဦးက”အခုဖမ်းမိတဲ့အထဲမှာအာဆာခေါင်းဆောင် ၆ ဦးပါတယ်လို့သတင်းတွေအရသိရတယ်။နောက်ထပ်ခေါင်းဆောင်တချို့လွတ်နေသေးတယ်။ ကျတော်တို့ကတော့ဒါကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ သေချာလေး ဖိဖိစီးစီးလုပ်စေချင်တယ်” ဟု ပြောသည်။

Public Service Announcement
၎င်းကဆက်၍ “ARSAရော၊ RSOရော ဒီအဖွဲ့တွေကြောင့် နေ့စဉ်နေရေးစားရေးရှာဖွေရေးပါအခက်အခဲရှိနေတာပါ။မြေပြင်မှာက ဒီအဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကကြီးပါတယ်။ခေါင်းဆောင်တွေကိုဖမ်းမိရင်သူတို့ခြိမ်းခြောက်မှု လျော့သွားလိမ့်မယ်။ စိုးရိမ်တာကတော့ နည်းနည်းလျော့ပေမယ့် စိုးရိမ်နေဆဲဖြစ်တယ်”ဟုပြောသည်။
စစ်တွေမြို့နေရခိုင်တိုင်းရင်းသားတစ်ဦးကလည်း ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့များကို နှိမ့်နင်းရေးသည် စိန်ခေါ်ချက်ကြီးမားနေပြီး အာဆာအဖွဲ့ခေါင်းဆောင်အချို့ကို ဘင်္ဂလားဒေ့ချ်အာဏာပိုင်များကဖမ်းဆီးနိုင်မှုသည် ရလဒ်ကောင်းစေမည့် ထူးခြားမှုဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
“AAအတွက် ဒေသတွင်း အုပ်ချုပ်ရေးယန္တရားကို ဖိဖိစီးစီးလုပ်နိုင်ဖို့ကအကြမ်းဖက်အဖွဲ့တွေရဲ့ စိန်ခေါ်မှုတွေရှိနေတာအမှန်ပဲ။ ဒေသခံတွေကိုယ်တိုင် စိုးရိမ်တာတွေရှိတယ်။ ဒါကြောင့်လည်း AAနဲ့ အတူကိုယ့်ဒေသကိုယ် ကာကွယ်မယ်လို့ ဆန္ဒထုတ်ဖော်တာတွေဖြစ်ခဲ့တာ။အကြမ်းဖက်အဖွဲ့တွေရန်ကိုဒေသခံတွေကကောင်းကောင်းသိတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ၂၃ရက်နေ့က မောင်တောမြို့မှမြိုလူမျိုးလူငယ်များကအာရက္ခတပ်တော်(AA)၏ဦးဆောင်မှုဖြင့်ရခိုင်ပြည်တည်ဆောက်ရေးတွင် ပါဝင်ရန်နှင့် စစ်သင်တန်းတက်၍ ကိုယ့်ရပ်ရွာကို ကာကွယ်ရန် ဆန္ဒပြချီတက်ခဲ့ကြသည်။
AA သိမ်းယူထားသည့်ဘူးသီးတောင်၊မောင်တောဒေသတိုက်ပွဲများတွင်အာဆာအပါအဝင်စစ်ကောင်စီက စစ်သင်တန်းများပေးခဲ့သည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီဘက်မှတိုက်ခိုက်ခဲ့သည်။ အဆိုပါအဖွဲ့များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးခဲ့သည်။ အာဆာအပါအဝင် မွတ်ဆလင်အကြမ်းဖက်အဖွဲ့များ၏ အန္တရာယ်သည် ဘူးသီးတောင်၊မောင်တောဒေသကိုသာမကဒေသတွင်း ဆက်စပ်အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကိုပါခြိမ်းခြောက်နေကြောင်း AAက ထုတ်ပြန်ထားသည်။
ထို့အပြင်ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တောဒေသများတွင် ပြီးခဲ့သည့်၂၀၂၄ ခုနှစ်အတွင်းက ARSAအဖွဲ့ဝင်များကာ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်မှုအချို့ရှိခဲ့သည်။
အာဆာအဖွဲ့သည် ဘူးသီးတောင်၊မောင်တောဒေသတွင် ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့သည့် အဓိကရုဏ်း၌ ၎င်းတို့၏ အမိန့်ကို မနာခံဟုဆိုကာ မွတ်ဆလင်ပြည်သူများကိုသတ်ဖြတ်ခြင်း၊ ရာနှင့်ချီသော ဟိန္ဒူလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကိုကျူးလွန်ခဲ့သည်ဟုနိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ထုတ်ပြန်ထားသည်။
ARSA အပါအဝင်မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်မှုများအားဖော်ထုတ်အရေးယူရန် နှင့် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ထပ်မံစုံစမ်းစစ်ဆေးရန် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Fortify Rights က မတ်လ ၁၈ရက်၌ ထုတ်ပြန်ခဲ့သည်။
ARSAအဖွဲ့ခေါင်းဆောင်အချို့အား ဖမ်းဆီးမှုသည် ကုလအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတားရက်ကဘင်္ဂလားဒေ့ရှ်သို့လာရောက်လည်ပတ်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ နယ်စပ်ဒေသအခြေအနေများနှင့်ပတ်သက်၍ အာရက္ခတပ်တော် (AA) နှင့်ဆွေးနွေးသင့်ကြောင်း အန်တိုနီယိုဂူတားရက်ကမတ်လ ၁၅ရရက်ကခရီးစဉ်၌ပြောခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် အာရက္ခတပ်တော်တို့ ပူးပေါင်းဆောင်ရွက်ပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၊ရခိုင်ပြည်နယ်မှ စစ်ဒဏ်သင့်ပြည်သူများအားစာနာမှုအကူအညီပေးရေးတို့ ဆောင်ရွက်ရန် လိုအပ်ကြောင်း Fortify Rights ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်တ်ိုက်တွန်းခဲ့သည်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်၏ နယ်ခြားစောင့်ရဲစခန်းများကို အာဆာကတိုက်ခိုက်ခဲ့သည်ဟုဆိုပြီး စစ်တပ်ကနယ်မြေရှင်းလင်းရေးလုပ်သည်ဆိုကာရိုဟင်ဂျာ ပြည်သူများစွာသေဆုံး နေအိမ်တွေမီးရှို့ဖျက်ဆီးခံရပြီး ရိုဟင်ဂျာသိန်းပေါင်းများစွာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ထွက်ပြေးခဲ့ရသည် ။ရိုဟင်ဂျာသိန်းပေါင်းများစွာကို နိုင်ငံကနေထွက်ပြေးအောင်အကြမ်းဖက်ခဲ့သည် ဆိုသောအကြောင်းပြချက်ဖြင့် စစ်တပ်အပါအဝင်မြန်မာနိုင်ငံကို ICJ တွင်လူမျိုးတုံးသတ်ဖြတ်မှုနှင့်တရားစွဲခံထားရသဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည် ။ ထိုစဥ်က စစ်တပ်သည် အာဆာ အကြမ်းဖက်၍ နယ်မြေရှင်းလင်းရေးတွေလုပ်ခဲ့သည်ဟုအကြောင်းပြခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်အာဆာဟာစစ်တပ်ကိုမတိုက်ဘဲ စစ်တပ်နှင့် အတူ အာရက္ခတပ်တော်(AA)ကိုပင်ပြန်တိုက်ခိုက်ခဲ့သည်။ထို့ကြောင့် မြန်မာစစ်တပ် နှင့် အာဆာတို့မှာယခင်ကတည်းကခိုင်ခိုင်မာမာအဆက်အစပ်ရှိခဲ့ကြောင်းစစ်ရေးလေ့လာသူအချို့ကယုံကြည်သည်။
ကိုးကား-Business Standard
