မတ်လ ၁၉၊ ၂၀၂၅။ ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇)ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ်ရှိ ပူးလူးတူ စစ်ကောင်စီတပ်စခန်းကို KNU ပူးပေါင်းတပ်က မတ်လ ၁၄ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ရာ အဆိုပါတပ်စခန်းမှ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မှတ်တမ်းဓာတ်ပုံအချို့ကို ကရင်သတင်းရင်းမြစ် တစ်ဦးက ယနေ့(မတ်လ ၁၉ရက်)တွင် ဖော်ပြသည်။
ခလရ(၃၁)တပ်ရင်း၏ ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက်စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီ ၂၆ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ နှစ်ပတ် ကျော်အကြာတွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ပူးလူးတူအခြေစိုက် ခြေကုပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇)၊ တပ်ရင်း (၂၂)ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၁၂ဦးသေဆုံးပြီး ၁၁ဦးမှာ ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားသည်ဟု ဆိုသည်။

Public Service Announcement
ထွက်ပြေးလွတ်မြောက်သူ ၁၁ဦးအနက် သုံးဦးမှာဒဏ်ရာရရှိထားကြောင်း၊ ၎င်းတို့နှင့်အတူ လက်နက်ငယ် ၂လက်ပါသွားကြောင်း KNUက အသိပေးသည်။
ကရင်သတင်းရင်းမြစ်က ပြသသည့် ထွက်ပြေးစစ်ကောင်စီတပ်သားများ ထိုင်းဘက်ရောက်ရှိနေသည့် ဓာတ်ပုံတွင် ထိုင်းအာဏာပိုင်များက အဆိုပါ စစ်ကောင်စီတပ်သားများအား အဆောက်အဦးတစ်ခုတွင် နေရာချထားသည်ကို တွေ့ရသည်။
ထိုင်းအာဏာပိုင်များက အဆိုပါ စစ်ကောင်စီတပ်သားများအား ဆက်လက်ထိန်းသိမ်းထားခြင်း သို့မဟုတ် စစ်ကောင်စီထံ ပြန်လွှဲပေးခြင်း အခြေအနေများကို မသိရသေးပေ။ ထိုင်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံမှတ်တမ်းအချို့သာ ရရှိထားဟု ကရင် သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ပူးလူးတူစခန်းသိမ်းတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ ၆ဦး ဒဏ်ရာရပြီး သုံးဦးကျဆုံးခဲ့ဟု KNUက အသိပေးထားသည်။
KNUသည် စစ်တပ်အာဏာသိမ်းပြီးနောက် ခရိုင် ၊ တပ်မဟာ ခုနစ်ခုရှိ စစ်ကောင်စီတပ်စခန်း ၁၅၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ထိုသို့ တိုက်ခိုက်ရာ၌ PDF အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်သည်။
