close
Connect with us

Hi, what are you looking for?

သတင်း

ချင်းတော်လှန်ရေးအင်အားစုများ ပေါင်းစည်းညီညွတ်ရေး သက်ဆိုင်ရာအဖွဲ့များနှင့် CNF လက်တွဲဆောင်ရွက်မည်

ချင်းပြည် (Chinland)ကောင်စီနှင့် ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင်(ICNCC/CB)အကြား ပေါင်းစည်းရေးကြိုးပမ်းဆောင် ရွက်မှုနှင့် လုပ်ငန်းစဉ်ကို ဝမ်းမြောက်စွာကြိုဆိုကြောင်း ချင်းပြည်ကောင်စီ အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF)၏ ဗဟိုကော်မတီအစည်းအဝေးက ကြေညာခဲ့ပြီး သက်ဆိုင်ရာအဖွဲ့များနှင့် လက်တွဲဆောင်ရွက်မည်ဟု အသိပေးသည်။

ချင်းပြည် (Chinland)ကောင်စီနှင့် ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင်(ICNCC/CB)တို့ ဖေဖော်ဝါရီ ၂၆ရက်က ဆွေးနွေးမှုပြုလုပ်အပြီးအတူ တွေ့ရစဉ်။ ဓာတ်ပုံ - CIC

ဟန်နွေ/People’s Spring

ချင်းပြည် (Chinland)ကောင်စီနှင့် ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင်(ICNCC/CB)အကြား ပေါင်းစည်းရေးကြိုးပမ်းဆောင် ရွက်မှုနှင့် လုပ်ငန်းစဉ်ကို ဝမ်းမြောက်စွာကြိုဆိုကြောင်း ချင်းပြည်ကောင်စီ အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF)၏ ဗဟိုကော်မတီအစည်းအဝေးက ကြေညာခဲ့ပြီး သက်ဆိုင်ရာအဖွဲ့များနှင့် လက်တွဲဆောင်ရွက်မည်ဟု အသိပေးသည်။

မတ်လ ၁၂ရက်မှ ၁၅ရက်အထိ ကျင်းပခဲ့သည့် CNF၏ အဋ္ဌမအကြိမ် ပါတီညီလာခံသက်တမ်း၊ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးအပြီး ကြေညာချက်၌ ဖေဖော်ဝါရီ ၂၆ရက်က ချင်းပြည်ကောင်စီနှင့် ICNCC တို့ ပူးတွဲ ထုတ်ပြန်ခဲ့သည့် ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက်အပေါ် ယခုကဲ့သို့ ထပ်လောင်း အသိပေးခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသား ရေး ရှေ့ရှုလျက် ချင်းတော်လှန်ရေး အင်အားစုများ ပေါင်းစည်းညီညွတ်ရေးအတွက် သက်ဆိုင် ရာအဖွဲ့အစည်းများ၊ အစုအဖွဲ့များနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူ့တော်လှန်ရေး (၄)နှစ် တိုင်အောင် စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုကိုဆန့်ကျင်သည့် အာဏာဖီဆန်လှုပ်ရှားမှု(CDM)ဖြင့်လည်းကောင်း၊ အခြားနည်းလမ်းပေါင်းစုံဖြင့် လည်းကောင်းကြံ့ကြံ့ခံ ပေးဆပ်တိုက်ပွဲဝင်နေကြသည့် ချင်းအမျိုးသားပြည်သူများအား လေးစား ဂုဏ်ပြုကြောင်း ဖော်ပြပြီး စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေးပန်းတိုင်ရောက်ရှိသည့်အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

CNF/CNA၏ အမိအဖဖြစ်ပြီး ချင်းအမျိုးသားတော်လှန်ရေး၏ ပင်မမဏ္ဍိုင်ကြီးဖြစ်သော ချင်းပြည်သူတရပ်လုံးအနေဖြင့် ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်တည်ဆောက်ရေးတွင် အတူရပ်တည်ပြီး ကာယအင်အား၊ ဉာဏ အင်အား၊ ဓနအင် အား အသီးသီးဖြင့် ပါဝင်တိုက်ပွဲဝင်ကြရန်လည်း CNFက ကြေညာခဲ့သည်။

ယခုကျင်းပခဲ့သည့် CNF ဗဟိုကော်မတီ အစည်းအဝေးသို့ နာယကနှင့် အကြံပေးပုဂ္ဂိုလ်များအပါအဝင် ဗဟို ကော်မတီဝင် စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပြီး စစ်ရေး နိုင်ငံရေး မဟာဗျူဟာ၊ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ကြေညာချက်ပါပေါင်းစည်းရေး ဆောင်ရွက်မည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး သဘောထား မှတ်ချက်မေးမြန်းရန် CNF ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ခဲ့သော်လည်းအဆက်အသွယ်မရပေ။

ပြီးခဲ့သည့် လများအတွင်းက သဘောထားကွဲလွဲမှုကြောင့် ပြဿနာအချို့ ၊ ထိတွေ့တိုက်ပွဲအချို့ ဖြစ်ခဲ့သည့် ချင်းတော်လှန်ရေး အင်အားစုနှစ်ခုသည် ချင်းအမျိုးသားကောင်စီ တစ်ခုတည်းအဖြစ် ပေါင်းစည်းရန် ဖေဖော်ဝါရီ နောက်ဆုံးပတ်၌ သဘောတူညီချက် ရရှိခဲ့ကြပြီး အမှန်တကယ် ပေါင်းစည်းနိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်။

” ပေါင်းစည်းရေး အနေအထားက ရှေ့ဆက် တိုးတက်လာမှာပါ။ ကမကထ ပြုပေးတဲ့ မီဇိုရမ် အစိုးရ ကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောကြားထားသည်။

ဆက်စပ်သတင်းများ