နိုင်ပကောင်း၊ဒီးဒီ /People’s Spring
ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ အပြင်းအထန်တိုက်ပြီးသိမ်းယူလိုက်နိုင်တဲ့ ပူလူတူတပ်စခန်းဟာ ထိုင်း – မြန်မာနယ်စပ်မှာ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေကုပ် စခန်း တစ်ခုဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး( KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောပါတယ်။

“စစ်ရေးဗျူဟာအရပေါ့နော်၊ အရေးပါတဲ့အခြေအနေကတော့ ဒီနယ်စပ်ထိန်းချုပ်ရေးအတွက်ကတော့ သူတို့(စစ်ကောင်စီတပ်)အတွက် အရေးပါတယ်လို့တော့ ပြောလို့ရပါတယ်” လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က ပွိုင့် ၁၂၄၈ အဖြစ် သတ်မှတ်ထားတဲ့ ပူလူတူ တပ်စခန်းဟာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အပိုင်ထဲမှာ ရှိပြီး ထိုင်းနိုင်ငံနဲ့ တော့ သောင်ရင်းမြစ်သာခြားပါတယ်။

Public Service Announcement
နယ်စပ်မျဉ်းအနီး မှာ ခြေကုပ်ယူထားတဲ့ ပူလူတူတပ်စခန်းကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် က KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က စတင်တိုက်ခိုက် ရာမှာ နှစ်ပတ်ကျော်ကြာမှ သိမ်းနိုင်ခဲ့တာပါ။
ဒီမနက်ပိုင်း စခန်းကိုအပြီးသတ်သိမ်းရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်မျဉ်းကိုဖြတ်ပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားကြ တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောပါတယ်။
ထိုင်းနိုင်ငံထဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးရေ အတိအကျကိုတော့ ပြောရခက်နေတယ်လို့ ပဒိုစောကလယ်စေးက ဆိုပါတယ်။
သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်ထဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒုဗိုလ်မှုးကြီး တစ်ဦး အပါအဝင် ၁၅ ဦး ဖြစ်တယ်လို့ မဲဆောက်မြို့ က စစ်ကောင်စီနဲ့နီးစပ်သူက ပြောပါတယ်။
ဒဏ်ရာရသူ တစ်ဦးပါပြီး သေနတ်တွေလည်း ပါလာတယ်လို့ အသိပေးပါတယ်။
ထိုင်းနိုင်ငံအတွင်း ထွက်ပြေးလာသူတွေနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း စုံစမ်းသိရပါတယ်။
ဒေသတွင်း ကရင်သတင်းဌာန KIC မှာတော့ KNU တပ်မဟာ (၇) ၊ တပ်ရင်း (၂၂) ရဲ့ တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး စောပလဲက ဖြေကြားရာထိုင်းဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ တပ်ခွဲမှုး အပါအဝင် ၁၁ ဦး ဖြစ်ပြီး သေနတ် ၂ လက် ပါသွားတယ်လို့ ဆိုထားပါတယ်။
ပူလူတူ စခန်းသိမ်းတိုက်ပွဲ ကာလအတွင်း စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူတွေ လည်း ထိုင်းဘက်ခြမ်းကို စစ်ရှောင်ခဲ့ကြရပါတယ်။
ထိုင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ မြန်မာဘက်က ပြည်သူ ၅၀၀ ခန့် စစ်ရှောင်လာကြတယ်လို့သိရပါတယ်။
မြန်မာဘက်ခြမ်းက တိုက်ပွဲတွေနဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်တပ်ကလည်း နယ်စပ် မှာ အသင့်အနေအထား တပ်ဖြန့်ထားတဲ့ သတင်းဓာတ်ပုံတွေကို ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
KNU ဟာ ထိုင်းနယ်စပ်အနီးမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ရှင်းလင်းနေသလို ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းကလည်း တပ်မဟာ (၇) နယ်မြေမှာရှိတဲ့ ဌာနချုပ်နေရာဟောင်း မာနယ်ပလောဒေသမှာ နေရာယူတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ် တိုက်ခိုက်သိမ်းယူထားနိုင်ခဲ့ပါတယ်။
