ဟန်နွေ/People’s Spring
လက်ရှိ တော်လှန်ရေးသည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် နောက်ဆုံးတော်လှန် ရေးဟု မျှော်လင့်ကြောင်း ကော်ဘရာစစ်ကြောင်း(၁)၊ စစ်ကြောင်းမှူး ဗိုလ်စောကော်က ပြောကြားပြီး တော်လှန်ရေးတွင် ရရာနည်းဖြင့် အားသွန်ခွန်စိုက်ပါဝင်ကြရန် တိုက်တွန်းလိုက်သည်။
စစ်တောင်းဒေသရှိ စစ်ကောင်စီ လက်ကျန်စခန်းအားလုံး သိမ်းပိုက်နိုင်ရေး ရည်ရွယ်ဆောင်ရွက်နေသည့် စစ်တောင်းကမ်ပိန်း ရန်ပုံငွေရှာဖွေမှုကို ယနေ့(ဖေဖော်ဝါရီ ၈ရက်)နံနက်က ကျင်းပခဲ့ရာ ဗိုလ်စောကော် လည်းတက်ရောက်ခဲ့ပြီး ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီတော်လှန်ရေးဟာ ကျနော်တို့အတွက် နောက်ဆုံးသော တော်လှန်ရေးပဲ ကျနော်တို့ မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာတနိုင်ငံလုံးမှာ စစ်ကောင်စီကို တော်လှန်နေတဲ့အချိန်မှာ ကျနော်တို့ ဒီဥစ္စာကို အားသွန်ခွန်စိုက်လုပ်ရမှာ ဖြစ်တယ်။ဒီပွဲမှ ကျနော်တို့ စွမ်းစွမ်းတမံ မလုပ်ဘူးဆိုရင် လာမယ့်အချိန်မှာ စဉ်းစားဖို့မလိုတော့ဘူး။ ဘာလို့ဆိုတော့ ရှိသမျှ လက်နက်ကိုင်တော်လှန်ရေးဟာ ရှိသမျှ တိုင်းရင်းသားညီအကိုတွေ အကုန်လုံးက ဒီဟာကို တော်လှန်တဲ့အချိန်မှာ ကျနော်တို့လည်း အားသွန်ခွန်စိုက်ပြန်ပြီးတော့ တော်လှန်ရမှာ ဖြစ်တယ်” ဟု ဗိုလ်စောကော်က ပြောသည်။

Public Service Announcement
လက်ရှိတော်လှန်ရေး၌ မည်သည့်နည်းနှင့်မဆို ပါဝင်နိုင်ကြောင်းလည်း ၎င်းက ပြောသည်။
“အားပေးစကားပဲ ဖြစ်ဖြစ် အများကြီးထောက်ပံ့လို့ရတယ် တခြားနည်းနဲ့လည်းထောက်ပံ့လို့ရတယ်” ဟု ဗိုလ်စောကော်က ပြောကြားပြီး စစ်တောင်းဒေသ စစ်ဆင်ရေးအတွက် ရန်ပုံငွေရှာဖွေနေသည့် စစ်တောင်းကမ်ပိန်း၌လည်း ပါဝင်ကြရန် နှိုးဆော်ခဲ့သည်။
စစ်ကောင်းကမ်ပိန်းကို ရည်ရွယ်ချက် ၃ရပ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကမ်ပိန်းကော်မတီ ဥက္ကဋ္ဌ နန်းကြည်အေးရွှေက ယနေ့မနက်တွင် ရှင်းပြခဲ့သည်။ စစ်တောင်းနယ်မြေ တဝှမ်းရှိ အာဏာရှင် စစ်တပ်စခန်းများကို ရှင်းလင်း တိုက်ထုတ်ရန်၊ စစ်အာဏာရှင် စစ်တပ်မှ ပြည်သူလူထုများအပေါ်ထိခိုက်ဒဏ်ရာ ရရှိမှုများ ခြိမ်းခြောက်မှုများ မှ လွတ်မြောက်ပြီး ပိုမိုလုံခြုံရန်အတွက် အကာအကွယ်ပေးသည့် အစီအစဉ်များ ဖော်ဆောင်ရန်၊ စစ်အာဏာရှင် ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် အနယ်နယ်အရပ်ရပ်ရှိ တိုင်းရင်းသား လူမျိုးများအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အချက်များဖြစ်သည်ဟု စစ်ကောင်းကမ်ပိန်းကော်မတီ ဥက္ကဋ္ဌက ပြောထားသည်။
