တာရာ/People’s Spring
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အနောက်ပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ခန့်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်းက ဖေဖော်ဝါရီ ၇ ရက်က သတင်းထုတ်ပြန်သည်။
အင်အား ၁၅၀ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ပုသိမ်-မုံရွာလမ်းမပေါ်ရှိ ကာကွယ်ရေးတပ်များတည်ရှိသည့် ၃မိုင်ဂိတ်ကို ဖေဖော်ဝါရီ ၃ ရက် နေ့လယ် ၂ နာရီခွဲခန့်က ရောက်ရှိလာကာ ကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပြီးနောက် ထိုစစ်ကြောင်းက အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“မဲဇလီရဲစခန်းကို PDFတွေသွားတိုက်ပြီးတော့ စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးလာတာပါ။ PDFတွေနဲ့ အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့သေးတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
ထိုစစ်ကြောင်းသည် ဖေဖော်ဝါရီ ၄ ရက်တွင် ရုန်းပင်ရွာကို ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် လက်နက်ကြီး ပစ်ကူဖြင့် ကြီးအုံကြီးဝ တမံကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။ ထိုစစ်ကြောင်း ကာကွယ်ရေးတပ်များက ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲနှစ်ခုအတွင်း စစ်ကောင်စီတပ်များဘက်မှ ဦးရေ ၃၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မင်းဘူးခရိုင်၊ အမှတ် (၇) တပ်ရင်းကထုတ်ပြန်ထားသည်။ ထိုထိခိုက်မှုကို People’s Spring အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ရုန်းပင်၊ ရေရင်၊ ဝန်လို၊ ခိုနန်း၊ လယ်မ၊ ကျွဲခြံ၊ ပေပင်နှင့် ချောင်းဆုံတို့မှာ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်။ ထိုကျေးရွာများမှ ပြည်သူ ၁၀၀၀ ကျော်မှာ တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်။
