close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းနဲ့ မကွေးတိုင်းအစပ်က တလုပ်မြို့ရွာ စစ်တပ်အထိုင်စခန်းကို စီးနင်းတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့ မြောက်ဘက် ၈ မိုင်ခန့်အကွာက တလုပ်မြို့ ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဒီနေ့ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေက People’s Spring ကို ပြောပါတယ်။

ကျော်ဇော၊ ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့ မြောက်ဘက် ၈ မိုင်ခန့်အကွာက တလုပ်မြို့ ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဒီနေ့ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေက People’s Spring ကို ပြောပါတယ်။

တလုပ်မြို့ရွာမှာ စစ်တပ်နဲ့ လက်အောက်ခံပျုစောထီး အင်အား ၅၀ ခန့် တပ်စွဲထားတာဖြစ်ပြီး ဒီနေ့ မနက်ပိုင်း ၄ နာရီခွဲ ဝန်းကျင်က တော်လှန်ရေးတပ်ဖွဲ့တွေ အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာမှာ ရှိတဲ့ သုံးထပ်တိုက်အဆောက်အဦးနဲ့ ဘန်ကာ သုံးခု ခန့်မှာနေရာယူထားတာလို့ တော်လှန်ရေးတပ်ဖွဲ့ ဝင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အဲတော့ တိုက်ကတော့ ရတယ်ဗျ၊ ဘန်ကာတစ်ခုပဲ ကျန်နေတာ”လို့ ​တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက တိုက်ပွဲအခြေအနေကို အသိပေးပါတယ်။

စခန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က မနက် မိုးလင်းချိန်မှာ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi -35 နဲ့ နာရီဝက်နီးပါးခန့် လေကြောင်း ပစ်ကူပေးခဲ့သလို ဂျက်တိုက်လေယာဉ်နဲ့ လည်း ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။

တိုက်ပွဲအတွင်း ပါဝင်ခဲ့သူ မြောက်မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDSOM တာဝန်ခံ ကိုနွေဦးက မြေပြင်အခြေအနေမှာ တော်လှန်ရေးတပ်တွေက သာလွန်နေချိန် စစ်ကောင်စီတပ်က အရပ်သားနေရာတွေမှာ မကျန် လေကြောင်းပစ်ကူသုံး ဗုံးကြဲပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

“မြေပြင်အခြေအနေအရ ကိုယ့်ဘက်ကသာလွန်နေချိန် စစ်ကောင်စီရဲ့ အားသာချက်က လေယာဥ်အသုံးပြုနိုင်မှုပါပဲ။ ရန်သူစစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများပြီး တလုပ်မြို့ကိုလက်လွတ်ရတော့မည့်အနေအထားတစ်ခုမှာ မနက် ၇နာရီလောက်ကစပီး ညနေ ၁နာရီခွဲလောက်ထိ တစ်စီးပြီးတစ်စီးအဆက်မပြတ် တက်လာကာ ပြည်သူ့နေရာတွေပါမကျန် ဗုံးကြဲ ပစ်ခတ်နေခဲ့တဲ့ ရန်သူလေကြောင်းရန်ကြောင့် မြို့ကိုသိမ်းနိုင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး”လို့ ကိုနွေဦးက ပြောပါတယ်။

ဒါပေမဲ့ တက်ညီလက်ညီ၊ စည်းလုံးစွာ ဆောင်ရွက်နိုင်ခဲ့တဲ့ ဖြစ်စဥ်ကြောင့် လာမယ့် မြို့သိမ်းတိုက်ပွဲအတွက် ပိုမို နီးကပ်လာတယ်လို့ ခံစားမိကြောင်း ကိုနွေဦးက ဆိုပါတယ်။

ဒီနေ့ တလုပ်မြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဟာ MI35 နှစ်စီးဖြင့် ရှစ်ကြိမ်၊ Y8 ဖြင့် သုံးကြိမ်၊ Y12 ဖြင့် သုံးကြိမ်၊ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်နဲ့ မြင်းခြံမြို့မှ စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာဖြင့် ၁၀ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တယ်လို့ ကိုနွေဦးက မှတ်တမ်းတင်ဖော်ပြပါတယ်။

ဒါ့အပြင် မြင်းခြံမြို့ အခြေစိုက် အမှတ်(၁၅)ခြေမြန်တပ်ရင်းကနေ စစ်ကား လေးစီးနဲ့ မြေပြင် စစ်ကူစေလွှတ်တာလည်းရှိခဲ့တယ်လို့ သိရပါတယ်။

တလုပ်မြို့ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူအပြင် မြေပြင်စစ်ကူပါ စေလွှတ်လာပြီး မြေပြင်သတင်းတွေအရ ဒီနေ့ နေခင်းပိုင်း ၁ နာရီခန့်မှာ တော်လှန်ရေးအဖွဲ့တွေပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံမြို့ဒေသခံတစ်ဦးကတော့ ဒီနေ့မနက်ပိုင်းဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အထိနာသွားပုံရတယ်လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ၁ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရသလို အရပ်သားထိခိုက်သေဆုံးမှုကတော့ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တလုပ်မြို့ ရွာခံ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေ လည်းရှိတယ်လို့ မြေပြင်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသိပေးပါတယ်။

“ရဲဘော်ခြောက်ဦး ထိခိုက်တာကတော့ လက်တို့၊ ခြေထောက်တို့ ရှပ်ထိတာလောက်ပါပဲ၊ စိုးရိမ်စရာမရှိပါဘူး”လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မြင်းခြံမြို့အခြေစိုက် ခမရ – ၁၅ က တပ်ကူတွေ တလုပ်မြို့ရွာကို ရောက်ရှိနေတဲ့အပြင် ညနေပိုင်းမှာတော့ ခမရ -၁၅ ကနေ တာဝေးပစ် ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ မကွေးတိုင်း၊ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်း ဒေသဘက်ဆီ ပစ်ခတ်နေတယ်လို့သိရပါတယ်။

အခုည ၁၀ နာရီမှာတော့ တလုပ်မြို့ရွာအနီးတဝိုက်ကို အပေါ့စားထောက်ပို့လေယာဉ် Y- 12 နဲ့ ဗုံးအလုံးရေ ၅၀ ခန့် ကြဲချသွားတယ်လို့ လည်းမြေပြင်မှာရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက People’s Spring ကို အသိပေးပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တလုပ်မြို့ရွာဟာ မန္တလေးတိုင်း နဲ့မကွေးတိုင်းအစပ် ဧရာဝတီမြစ်ဘေးမှာတည်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်း၊ မကွေးတိုင်းဒေသတွင် မဟာမိတ်များနှင့် စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်ရန်ရှိကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

သတင်း

အာရက္ခတပ်တော်(AA)က ပဲခူး- ရခိုင်အစပ် ၊ ဧရာဝတီ-ရခိုင် အစပ် ၊ မ​ကွေး-ရခိုင်အစပ်တို့တွင် စစ်တပ်စခန်း ၃ ခုသိမ်းဆည်းရရှိ​ကြောင်းယ​နေ့(ဇန်နဝါရီ ၂၇ )ည တွင်ထုတ်ပြန်လိုက်သည်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်ဆက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သရက်ခရိုင် PDF တပ်ရင်း (၄)မှ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က လူထုနွေဦးသို့ ပြောသည်။

ဆောင်းပါး

အာရက္ခတပ်​တော် (AA)ရဲ့ ရခိုင်ပြည်နယ် နဲ့ ထိစပ်​နေတဲ့ တိုင်း ၃ တိုင်းအထိပါ ထိုးစစ်ဆင်​​နေတဲ့အ​ကြောင်း ဒီတစ်ပါတ်​ပြောပြပါမယ် ။