ဆဏ်း/People’s Spring
တော်လှန်ရေးနယ်မြေမှာ ပထမဆုံးပြုလုပ်တဲ့ ကရင်နီ အိုင်ဒေါလ် သီချင်းဆိုပြိုင်ပွဲရဲ့ ဆုရှင်ကို ဒီနေ့ (ဇန်နဝါရီ ၂၆) ည ကြေညာပေးတော့မှာပါ။
ဇန်နဝါရီ ၂၅ ရက်ညမှာ နောက်ဆုံးအဆင့်ကို တက်ရောက်လာတဲ့ ဆန်ခါတင်ပြိုင်ပွဲဝင်တွေဖြစ်တဲ့ ပီတာ၊ ဂျွန်မတ်နဲ့ နော်ဖောတို့ သုံးဦးက သီချင်းနှစ်ပုဒ်စီနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။
ပထမသီချင်း ယှဉ်ပြိုင်မှုမှာတော့ ပီတာက ထူးအိမ်သင်ရဲ့လေလွင့်ခြင်းလမ်းမများ၊ ဂျွန်မတ်က ရေမွန်ရဲ့ အရှင်ဂီတနဲ့ နော်ဖောက ချမ်းချမ်းနဲ့နေနေတို့သီဆိုထားတဲ့ ပင်တိုင်စံ သီချင်း နဲ့ယှဉ်ပြိုင်ခဲ့တာပါ။

Public Service Announcement
သူတို့သုံးယောက်ရဲ့ ပထမယှဉ်ပြိုင်မှုတွေကို ဒိုင်တွေသုံးသပ်ချိန်မှာတော့ ကောင်းတဲ့ အချက်တွေရှိကြသလို လိုအပ်နေတဲ့ အချက်လေးတွေကိုလည်း ထောက်ပြခဲ့ပါတယ်။
ပီတာရဲ့ သီချင်းဖျော်ဖြေမှုက ဖိုင်နယ်ပွဲမှာတော့ ဒီ့ထက်လုပ်ပြနိုင်မယ့် သီချင်းကိုရွေးချယ်သင့်တယ်လို့ အကဲဖြတ်ဒိုင် ကိုဖိုးသင်္ကြန်က အားမလိုအားမရပြောခဲ့ပါတယ်။
နောဖောရဲ့ သီချင်းရွေးချယ်မှုကိုတော့ ဒိုင်တွေအားလုံးက ချီးကျူးခဲ့ကြပြီး သီချင်းသီဆိုချိန် မိုက်ကိုင်တဲ့အနေအထားကို ဂရုစိုက်ဖို့ အကဲဖြတ်ဒိုင်ဆရာပီးပီက ထောက်ပြခဲ့ပါတယ်။
ရော့ခ်အမျိုးအစားဂီတတွေသီဆိုတဲ့ ဂျွန်မတ်ကိုတော့ ပရိသတ်တွေရဲ့ မဲနဲ့ ဖိုင်နယ်မှာ ဝင်ခွင့်ရခဲ့တာ ထိုက်တန်ကြောင်းပြသခဲ့တယ်လို့ အကဲဖြတ်ဒိုင် ကိုဒန်နီရယ်စောက သုံးသပ်ခဲ့ပါတယ်။
နောက်ဆုံးအဆင့်ဆန်ခါတင်သုံးဦးထဲမှာ ဂျွန်မတ်က ပရိသတ်တွေမဲပေးမှုအများဆုံးရရှိထားတာကြောင့် ပြိုင်ပွဲပြန်လည်ယှဉ်ပြိုင်ခွင့်ရခဲ့သူပါ။
ဒုတိယသီချင်းကိုတော့ ပြိုင်ပွဲဝင်အားလုံးက သီချင်းတစ်ပုဒ်တည်းကို မတူညီတဲ့ ဗားရှင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
သီချင်းကတော့ ထူးအိမ်သင်ရဲ့ သီချင်းများနဲ့ လူ ပါ။ ဒီသီချင်းကို ပြိုင်ပွဲဝင်တွေက သူတို့အားသန်တဲ့ ဂီတပုံစံတွေနဲ့ တင်ဆက်ပေးခဲ့တာပါ။
ဒီယှဉ်ပြိုင်မှုကိုလည်း ဒိုင်တွေက သုံးယောက်လုံးကောင်းမွန်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။
ဒီပြိုင်ပွဲအတွက် ဆုရွေးချယ်ရာမှာ ဒိုင်တွေရဲ့ အကဲဖြတ်မှုက ၅၀ရာခိုင် နှုန်း ၊ ပရိသတ်တွေရဲ့ မဲပေးမှုက ၅၀ရာခိုင်နှုန်းနဲ့ ဆုံးဖြတ်သွားမှာပါ။
နောက်ဆုံးပြိုင်ပွဲမှာ ဆန်ခါတင်သုံးယောက်စလုံးက အကောင်းဆုံး ဖျော်ဖြေပေးနိုင်ခဲ့တာကြောင့် ဆုရွေးချယ်မှုက ပရိသတ်တွေကိုယ်တိုင်ပေးတဲ့ မဲအပေါ်မှာ အများကြီးမူတည်နိုင်ပါတယ်။
ပြိုင်ပွဲဝင်သုံးဦးကိုမဲပေးနိုင်တာကလည်း ဒီညနေ ၆ နာရီအထိပါ ။ မဲတစ်မဲကို ငွေ ငါးထောင်ကျပ်ကနေစတင်ပြီး မဲ နှစ်ရာစာ ဆယ်သိန်းကျပ်အထိ မဲပေးနိုင်လို့ရအောင် စီစဉ်ပေးထားပါတယ်။



မဲပေးချင်တဲ့ သူတွေအတွက်လည်း ဒီပွဲကိုဦး ဆောင်ကျင်းပတဲ့ The Voice Of Freedom ပေ့ခ်ျမှာလမ်းညွှန်ပေးထားပါတယ်။
မဲပေးတဲ့စနစ်ကနေရရှိတဲ့ငွေတွေကို ကရင်နီပြည်နယ်မှာ ရှိတဲ့ ဆေးရုံတွေ ၊စစ်ဘေးရှောင်တွေနဲ့ စစ်ရေးကိစ္စတွေ အတွက် အသုံးပြုသွားမယ်လို့အသိပေးထားပါတယ်။
ဒီပြိုင်ပွဲကို စတင်ခဲ့တာက ကရင်နီပြည်နယ်က လူငယ်တွေရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ရည်ရွယ်ချက်နဲ့ပါ။
ပြိုင်ပွဲအတွက် ဆန်ခါတင်တွေရွေးချယ်တာကို ၂၀၂၃ ကတည်းကစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာတော့ ဆန်ခါတင် ၁၄ ဦးရွေးချယ်ကာ Live အစီအစဉ်နဲ့ တင်ဆက်ပေးခဲ့တာပါ။
စစ်ဘေးဒဏ်တွေခံနေရဆဲကရင်နီပြည်နယ်မှာ ပြုလုပ်တာဆိုပေမယ့် နိုင်ငံတကာအဆင့် အဆိုပြိုင်ပွဲတွေလိုပဲ သေသေချာချာရွေးချယ်ပြီး ယှဉ်ပြိုင်စေခဲ့တာပါ။
တီးခတ်တဲ့ တီးဝိုင်းကအစ ဒီပြိုင်ပွဲအတွက် နေရာစုံကနေ တတ်နိုင်သလောက် အင်အားတွေနဲ့ လုပ်ဆောင်ပေးနေကြတာကို ပြိုင်ပွဲကြည့်ရှူသူတွေ အနေနဲ့လည်း တွေ့မြင်နိုင်မှာပါ။
နောက်ဆုံးအနေနဲ့ ဆန်ခါတင်သုံးဦးအကြောင်းကိုလည်း အကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်။
KI09 _ပီတာ ကတော့ အသက် ၂၅ ဖြစ်ပြီး KNDF တပ်ရင်း ၉ မှာ ရဲဘော်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေတာပါ။ အာဏာမသိမ်းခင်အချိန်က ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပြီး ဝါသနာပါတဲ့ ဘောလုံးကန်တာနဲ့ သီချင်းဆိုတာတွေကို လုပ်ခဲ့တယ်လို့ပြောပါတယ်။ပျော်ပျော်နေတက်ပြီး တခြားသူတွေကို ရယ်စရာပြောပြရင် ရယ်မောတာကိုပျော်ရွှင်တယ်လို့ သူ့ရဲ့အင်တာဗျူးမှာ ဖြေကြားထားပါတယ်။
KI12 _နော်ဖော ကတော့ အသက် ၂၀ ဖြစ်ပြီး KNDF တပ်ရင်း ၅ မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ မိသားစုမှာ အကြီးဆုံးဖြစ်တာကြောင့် လက်ရှိမှာတော့ မိသားစုနဲ့အတူနေထိုင်နေရသူပါ။ ဝါသနာပါတာကို လုပ်ရရင် ပျော်နေသူဖြစ်တာကြောင့် ကရင်နီအိုင်ဒေါလ်မှာ ပါဝင်ဖြစ်ခဲ့တာလို့ အင်တာဗျူးမှာ ပြောထားပါတယ်။
KI13 _ဂျွန်မတ် ကတော့ အသက် ၂၀ ဖြစ်ပြီး KNDF တပ်ရင်း ၂ မှာတာဝန်ထမ်းဆောင်ဖူးခဲ့သလို လက်ရှိမှာတော့ ဗျူဟာ ၂ ထောက်ပို့ရုံးမှာ လုပ်ဆောင်နေတာပါ။ အပေါင်းအသင်းတွေနဲ့ ဂစ်တာတီး သီချင်းဆိုရတာကို အပျော်ဆုံးလို့ အင်တာဗျူးမှာဖြေထားပါတယ်။
