မိထက်/People’s Spring
ချင်းတွင်းမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘောအုပ်စု ကနီမြို့နယ်အတွင်းဖြတ်သန်းနေစဉ် ယနေ့(စက်တင်ဘာ ၁၈ရက်)နေ့လယ် ၂နာရီ ၁၅မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ကနီမြို့နယ် ရွှေစာရေးကျေးရွာအနီး စစ်သင်္ဘောအုပ်စုဖြတ်သန်းစဉ် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခြင်းဟု ယင်းမာပင်ခရိုင်၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement
” ကိုယ့်ဘက်က တိုက်ခိုက်မှုတွေမရှိဘဲ ပစ်တာ။ တံတားဦးကနေ တက်လာပြီး ပစ်တာ။ အရပ်သားတွေကတော့ ထိမထိ မသိရသေးဘူး”ဟု ၎င်းက ပြောသည်။
အဆိုပါစစ်ကောင်စီသင်္ဘောအုပ်စု၌ သင်္ဘောကိုးစီပါဝင်ပြီး အရှေ့ဆုံးနှင့် နောက်ဆုံးမှသင်္ဘောနှစ်စီးတွင် လက်နက်များတပ်ဆင်ထားကာ မြစ်ကမ်းဘေးကျေးရွာများအား ရမ်းသမ်းပစ်ခတ်ပြီး ဆက်လက်စုံစုန်ဆင်းနေသည်ဟု ကနီမြို့နယ်မှပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီသင်္ဘောများပေါ်တွင် ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့မြို့နယ်၊ ဥရုချောင်းမှတဆင့် ကျောက်စိမ်းများ တင်ဆောင်လာပြီး ချင်းတွင်းမြစ်ကြောင်းမှတဆင့် ဟုမ္မလင်း၊ ကလေးဝ၊ မော်လိုက်၊ မင်းကင်း၊ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မုံရွာမြို့တလျှောက် စုန်ဆင်းလာခြင်းဖြစ်သည်။
ထို့ကြောင့် ချင်းတွင်းမြစ်ကမ်း ဘေးကျေးရွာများမှ ဒေသခံများယာယီရှောင်တိမ်းနေကြရန်နှင့် မြစ်ကြောင်းအတွင်း စက်လှေများသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။
