ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံက ပြောသည်။
ဇွန်လ ၂၅ရက်တွင် TNLAနှင့် မဟာမိတ်များသည် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ဖော်ဆောင်ခဲ့ရာ သီပေါမြို့ရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် တိုက်ပွဲများ ဆင်နွှဲခဲ့သည်။ စစ်ဆင်ရေးအတွင်း TNLAက သီပေါ မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် တိုက်ပွဲများ အနည်းငယ် ပြန်လည်ငြိမ်သက်ခဲ့ရာ စက်တင်ဘာလလယ်တွင် တိုက်ပွဲပြန်ဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
သီပေါဒေသခံတစ်ဦးက တိုက်ပွဲဖြစ်ပွားမှုကြားသိရပြီး ဖုန်းအဆက်အသွယ်မရ၍ အသေးစိတ် အခြေအနေများ မသိဟု ပြောသည်။
တအာင်းဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနကလည်း ရှေ့တန်း စစ်မြေပြင်၌ ရှိနေသူကို ကိုးကားပြီး တိုက်ပွဲသတင်းဖော်ပြထားရာ ယမန်နေ့ စက်တင်ဘာ ၁၄ရက် ညနေကတည်းက စစ်ကောင်စီ၏ ခလရ(၂၃)ကို TNLAက ထိုးစစ်ဆင်နေပြီးယနေ့ တွင် တိုက်ပွဲပြင်းထန်နေသည်ဟုဆိုသည်။
သီပေါမြို့တွင် စစ်ကောင်စီ၏ ခလရ(၂၃)၊ ခမရ(၅၀၃)၊ (၅၀၄)တပ်ရင်းတို့သာ ကျန်တော့သည်။ အဆိုပါ တပ်ရင်းများကို TNLAက ယခင်ကတည်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိသေးပေ။
တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို TNLA ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
TNLA၏ ယမန်နေ့ စစ်ရေးသတင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သည် သီပေါမြို့ရှိ ခလရ(၂၃) တပ်စခန်း တစ်နေရာကို ထောက်ပို့လေယာဉ် Y8ဖြင့် လက်နက်ခဲယမ်းများလာရောက်ကြဲချခဲ့ကြောင်း ဖော်ပြထားပြီး တိုက်ပွဲဖြစ်ပွားမှုကို အသိပေးထားခြင်းမရှိပေ။
စစ်ကောင်စီတပ်သည် သီပေါမြို့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စက်တင်ဘာ ၄ရက် ညပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။ သီပေါတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် တစ်လကျော်အတွင်း အရပ်သားပြည်သူ ၂၄ဦးထက်မနည်းသေဆုံးကာ ၆၃ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း TNLAက စက်တင်ဘာ ၅ရက်တွင် အသိပေးထားသည်။
TNLAနှင့် စစ်ကောင်စီတပ်တို့သည် နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီး၌လည်း ရက်ရှည်တိုက်ပွဲများ ဖြစ်ပွားနေပြီး ယမန်နေ့အထိ တိုက်ပွဲဆက်ရှိနေခဲ့သည်။ စစ်ကောင်စီ၏ အမြောက်တမ်းများရှိရာ တောင်ခမ်းဒေသရှိ အမြောက်တပ်ရင်း ၂ခုထက်မနည်းကို TNLAက သိမ်းပိုက်ထားပြီး အမတ(၃၅၄)၊မစခ(၉၀၂) တပ်ရင်းများ အပြီးသတ် သိမ်းနိုင်ရေး တိုက်ပွဲများဆက်ရှိနေသည်။
