ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အမှတ်(၂၈)ရဲတပ်ရင်းအနီးတွင် အက်ဆစ်နှင့် ကြေးနီတင်ယာဥ်တန်းလုံခြုံရေးအတွက် ကင်းထွက်လာသော စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၁ ရက် နေ့လည် ၂ နာရီခွဲခန့်က ယင်းမာပင်မြို့နယ်၊ မုံရွာ – ပုသိမ်လမ်းမကြီးပေါ်၊ အမှတ်(၂၈)ရဲတပ်ရင်းအနီးတွင် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ရဲများအား သုံးလုံးတွဲမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ဗိုလ်တစ်ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးပြီး စစ်သားနှင့်ရဲ ၅ ဦး ဒဏ်ရာရရှိကြောင်း Regional Friend Fighters(RFF)အဖွဲ့ တာဝန်ရှိသူက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်မှာ မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီ ကုမ္ပဏီတို့အတွက် ကြေးနီထုတ်ရာတွင် အသုံးပြုသည့် ဆာလဖြူရစ်အက်ဆစ် ကွန်တိန်နာများ ပို့ဆောင်ရန်နှင့် ထုတ်လုပ်ပြီး ကြေးနီများသယ်ဆောင်ရန် ရောက်ရှိလာမည့် ကားများ၏ လုံခြုံရေးအတွက် ကင်းထွက်လာခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
“လက်ရှိအချိန်ထိ အက်ဆစ်ကား ဒီလမ်းကြောပေါ်မဖြတ်သေးဘူး။ မြင်းမူဘက်ကနေတော့ထွက်လာနေပြီ။ ဆိုက်ထဲကနေလည်း ကြေးကားတွေကြေးတင်ထားတယ်။ ပြန်ပြီးတော့သယ်ယူဖို့ရာအတွက်။”ဟု ၎င်းက ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဒဏ်ရာရသူများအား မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ကားဖြင့် တင်ဆောင်သွားသည်ဟု ဆိုသည်။
“မနေ့က ဝမ်ပေါင်ကို ပို့မယ့် အက်ဆစ်တင်လာတဲ့ တွဲကားတွေ ဝင်လာတယ်။ လမ်းကြောတောက်လျှောက်လည်း လုံခြုံရေးတင်းကြပ်ထားတယ်။”ဟု မြင်းမူမြို့ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်မြို့နယ် တိုက်နယ် (၂)ပကဖများဖြစ်သော Regional Friend Fighters(RFF)၊ Fighter Brotherhood Guerilla Army(FBGA)၊ Yinmarbin Local(YMB PDF)၊ Black Eagle Defense Force၊ ယင်းမာပင်ခရိုင် တပ်ရင်း(ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မုံရွာ – မန္တလေးလမ်းတလျှောက် စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းနေ၍ ခရီးသွားပြည်သူများ ဂရုစိုက်သွားလာကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။
